မောင်တောက အရေးပါတဲ့ တံတားသုံးစင်းကို စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီး
2024.05.08

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်းအတွက် အဓိကကျတဲ့ သုံးမိုင်တံတား၊ လှဖိုးခေါင်အနီးက လဘော်ဇားတံတားနဲ့ ဘူးသီးတောင်မြို့အဝင်မှာရှိတဲ့ ပန်ဇင်းချောင်းတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့နယ်က အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးရုံး ကျီးကန်းပြင်ဌာနချုပ်နဲ့ လှဖိုးခေါင် နယ်ခြားစောင့်ရဲတပ်ရင်း (၁၀) ကို (AA) က သိမ်းပိုက်လိုက်ပြီးနောက် မေလ ၆ ရက်နေ့မှာ လဘော်ဇားတံတားနဲ့ သီဟိုအေးကျေးရွာအနီးက သုံးမိုင်တံတားကို ဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၁၅) အပါအဝင် လက်အောက်ခံတပ်ရင်းလေးခု အသိမ်းခံရပြီးချိန်မှာ လည်း မေလ ၆ ရက်နေ့ညနေပိုင်းမှာပဲ ဘူသီးတောင်မြို့အဝင်မှာရှိတဲ့ တံတားကိုပါ ဖျက်ဆီးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေ မြို့ထဲမဝင်လာနိုင်အောင် အခုလိုဖျက်ဆီးလိုက်တာလို့ အမည်မဖော်လိုတဲ့ မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“(AA) မြို့ထဲကို ဝင်လို့မရအောင်လုပ်တာ။ သူတို့က အားလုံးနေရာမှာ အဲဒီလိုလုပ်နေတာ။ လဘော်ဇား ဘက်ကပြန်ရင် မြို့တွင်းဘက်ကို ရောက်လာတော့မှာလေ (AA) က။ အဲဒီကိစ္စကြောင့် ဖြစ်မယ်။ ဘူးသီးတောင် ပန်ဇင်းချောင်းတံတားကိုလည်း ပိုင်းပစ်လိုက်ပြီလေ”
စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြု နိုင်ခြင်း မရှိပါဘူး။
ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ နေ့လယ်ပိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ပန်ဇင်းချောင်းတံတားဟာ မေယုမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ သမိုင်းဝင် ဒုံးသိမ်ဘုရား၊ သုံးဆယ့်တစ်ဘုံဘုရား၊ စိုင်းဒင် ရေတံခွန်၊ ဖုံညိုလိပ်၊ ကြာညိုပြင်၊ ဒပြုချောင်း စတဲ့ကျေးရွာတွေအပြင် ရသေ့တောင်မြို့နယ်ကိုပါ ဆက်သွယ်ဖို့ဖောက်လုပ်ထားတဲ့ မြို့ချင်းဆက်တံတားဖြစ်ပါတယ်။
အဲဒီတံတားသုံးခုဟာ မြို့ပေါ်ကနေ နယ်ဘက်ကျေးရွာပေါင်းများစွာကိုသွားတဲ့ ကားလမ်းမပေါ်က အဓိကကျတဲ့ တံတားတွေဖြစ်တာကြောင့် မိုးတွင်းမှာ သွားလာရေးအခက်အခဲဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။