တစ်နှစ်ခွဲအတွင်း စစ်ကောင်စီတပ်သား ၉ဝ ကို သတ်ဖြတ်နိုင်ခဲ့ဟု BPLA ထုတ်ပြန်
2023.06.30

ဗမာပြည်လွတ်မြောက်ရေးတပ်မတော် (BPLA)က တစ်နှစ်ခွဲကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ၄၀ ကျော်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်သား ၉၀ ကျော် သေဆုံးပြီး ၁၆ ဦးကို လက်ရဖမ်းဆီးမိခဲ့တယ်လို့ ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
BPLA အနေနဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၃ ဇွန်လအထိ မဟာမိတ်တွေနဲ့အတူ ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲရလဒ်တွေကို ထုတ်ပြန်တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေထံကနေ ၆၀ မမ စိန်ပြောင်း လေးလက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ နှစ်လက်နဲ့ RPG ပုခုံးထမ်းလောင်ချာ နှစ်လက်အပါအဝင် စုစုပေါင်း လက်နက် ၆၈ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတစ်နှစ်ခွဲကာလအတွင်း BPLA အဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပြီး ၁၆ ဦးဒဏ်ရာရရှိကာ ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ BPLA အနေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ရဲ့ ကွပ်ကဲမှုအောက်ကနေ တခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
BPLA ကို ၂၀၂၁ ခုနှစ်ဧပြီလ ၁၇ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနဲ့ KNLA အပါအဝင် အခြားအာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာပါ။
BPLA ထုတ်ပြန်ချက်မှာ ဖော်ပြတဲ့ စစ်ကောင်စီတပ်သားသေဆုံးတဲ့အခြေအနေနဲ့ ပတ်သက်ပြီး RFA က စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်လို့ မရခဲ့ပါဘူး။