ဘုတ်ပြင်းရဲစခန်းက အချုပ်သား ငါးဦးထွက်ပြေး၊ နှစ်ဦးပြန်အဖမ်းခံရ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အချုပ်သား ငါးဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်မနက် အစောပိုင်းမှာ အချုပ်ခန်းကနေ ထွက်ပြေးခဲ့ပေမယ့် နှစ်ဦးပြန်ဖမ်းဆီးခံရတယ်လို့ ဘုတ်ပြင်းမြို့ခံတွေက RFA ကို နိုဝင်ဘာ ၂၅ ရက် ဒီကနေ့မှာပြောပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူတွေအထဲ CDM ရဲတပ်သား တစ်ဦးနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ပါဝင်တယ်လို့ မြိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခရိုင်တာဝန်ခံက RFA ကိုပြောပါတယ်။
“ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ရဲ CDM တစ်ဦး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဖမ်းခံထားရတာ။ CDM ရဲတစ်ဦးကတော့ အခုနှစ်ဩဂုတ်လထဲမှာ ဖမ်းခံထားရတဲ့သူတွေ”
အဲဒီအချုပ်ခန်းကနေ ထွက်ပြေးသူတွေက ၁၂ ဦးအထိ ရှိနိုင်တယ်လို့သူက ဆက်ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ တနင်္သာရီတိုင်း လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးကလည်း ဘုတ်ပြင်း မြို့မရဲစခန်းက အချုပ်သား ငါးဦးထွက်ပြေးခဲ့ပြီး နှစ်ဦးကိုပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ RFA ကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ အတည်ပြုပြောပါတယ်။
ထွက်ပြေးနေသူတွေအထဲ CDM ရဲဝန်ထမ်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ပါဝင်နေတယ်ဆိုတာ မဟုတ်ဘဲ မူးယစ်နဲ့ခိုးမှုကျူးလွန်သူတွေ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ သိန်ခွန်း ကျေးရွာ အုပ်စုမှာရှိတဲ့ ထုံခါအကျဉ်းစခန်းက အကျဉ်းသား လေးဦးဟာ ထွက်ပြေးခဲ့ပေမယ့် တစ်ဦးသေဆုံးပြီး ကျန်သုံးဦး ပြန်ဖမ်းဆီးခံခဲ့ရပါတယ်။