စစ်ဆင်ရေးမှာ ရှေ့တန်းက တိုက်ခိုက်ဖို့ ကရင် နယ်ခြားစောင့်တပ်များ ငြင်းဆန်
2011.02.08

အခုလို ရှေ့တိုးဖို့ ငြင်းဆန်နေတဲ့ တပ်တွေကတော့ ဗိုလ်မှူး စောမောင်ဝင်း ခေါင်းဆောင်တဲ့ BGF နယ်ခြားစောင့်တပ်အမှတ် ၁၀၁၉ နဲ့ ဗိုလ်မှူး စောလှိုင်စိမ့် ခေါင်းဆောင်တဲ့ နယ်ခြားစောင့်တပ်အမှတ် ၁၀၁၇ တို့ ဖြစ်ပါတယ်။ ဒီတပ်တွေဟာ မြေမြှုပ်မိုင်း အန္တရာယ်ကို အကြောင်းပြပြီး ရှေ့တိုးဖို့ ငြင်းဆန်နေတာ ဖြစ်တယ်လို့ ကေအန်ယူ ဖားအံခရိုင် ဥက္ကဋ္ဌ ဖဒိုစောအောင်မော်ဧက ပြောပါတယ်။
“တပ်မဟာ ၇ ဌာနချုပ်နေရာကို ရှင်းမယ်လေ၊ လာမယ်ဆိုတော့ အဲဒါ BGF တွေကို အရင် လာခိုင်းတာပေါ့နော်။ အဲဒါ သူတို့ BGF ကလည်း ငါတို့ မသွားရဲဘူး မင်းတို့ အရင်သွားဆိုပြီးတော့ သူမသွားချင်ဘူး၊ ငါမသွားချင်ဘူးနဲ့ နည်းနည်းလောက်ပဲ လာပြီးတော့ သူတို့ ရပ်နေတယ်။ ငါတို့ မသွားဘူး၊ မိုင်းရှိတယ်၊ သွားရင်တော့ မိုင်းထိမယ်ပေါ့။”
အဲဒိ နယ်ခြားစောင့်တပ်တွေကို စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ-၁၉ တပ်က အမိန့်ပေး ညွှန်ကြားနေတာလို့ သိရပါတယ်။
စစ်အစိုးရရဲ့ BGF နယ်ခြားစောင့်တပ် ပြောင်းလဲသွားတဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ကရင်တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်ရမှာကို မလိုလားတဲ့အတွက် BGF နယ်ခြားစောင့်တပ်ကနေ ထွက်ပြေးပြီး ကေအန်ယူနဲ့ ပြန်လည် ပူးပေါင်းလာမှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ သိသိသာသာ တိုးများလာတယ်လို့ ကေအန်ယူ တပ်မဟာ (၇) အရာရှိတွေက ပြောပါတယ်။