စာအုပ်ပုံနှိပ်တိုက် နှစ်ခု ထပ်မံပိတ်ခံရ

RFA Burmese
2024.01.31
စာအုပ်ပုံနှိပ်တိုက် နှစ်ခု ထပ်မံပိတ်ခံရ ရန်ကုန်မြို့ ၃၇ လမ်း အောက်ဘလောက်မှ စာအုပ်ဆိုင်တစ်ချို့အား ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
RFA

နိုင်ငံရေးစာပေထုတ်ဝေပုံနှိပ်တဲ့တိုးမြစ်စာအုပ်တိုက်နဲ့ လပြည့်လင်းပုံနှိပ်မီဒီယာတိုက်တို့ကို စစ်ကောင်စီလက်အောက်ခံ ပြန်ကြာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပုံနှိပ်ထုတ်ဝေခွင့် လိုင်စင်တွေ ပိတ်လိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးစာပေထုတ်ဝေသူနဲ့ပုံနှိပ်သူတွေကို စစ်ကောင်စီက စောင့်ကြည့်ပြီး လိုက်ပိတ်နေတာများလာတယ်လို့ ရန်ကုန်မြို့က စာအုပ်ထုတ်ဝေရေး လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"တိုးမြစ်စာပေထုတ်ဝေရေးတိုက်နဲ့ လပြည့်လင်းပုံနှိပ်တိုက်ရဲ့ လုပ်ငန်းလိုင်စင်တွေပိတ်သိမ်းတာကို ကန့်ကွက်ရှုတ်ချပါတယ်။ ခက်ခဲနေတဲ့ကာလမှာ ထုတ်ဝေသူအချင်းချင်းစိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့စာပေပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း လုပ်တဲ့သူတွေက ဝါသနာကိုအခြေခံပြီး စာပေချစ်စိတ်နဲ့မြတ်မြတ်နိုးနိုးလုပ်နေကြတာပါ။ အခုပိတ်ခံရတဲ့ လပြည့်လင်းပုံနှိပ်တိုက်နဲ့ တိုးမြစ်စာအုပ်ကိုလိုင်စင်ပိတ်သိမ်းတယ်ဆိုတာလည်း ဘယ်လိုစာအုပ်က ပုံနှိပ်ထုတ်ဝေရေးဥပဒေနဲ့ ငြိစွန်းသွားလို့လဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ အငြှိုးနဲ့စောင့်ကြည့်ပြီး လုပ်ငန်းလိုင်စင်ကို တမင်ပိတ်သိမ်းတယ်လို့ပဲမြင်ပါတယ်"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာပေမီဒီယာတွေတိုက်တွေကို စစ်ကောင်စီက လိုက်ပိတ်နေတာ ၃၀ ကျော်လောက်ရှိနေပြီလို့ စာပေထုတ်ဝေသူတွေနဲ့ဖြန့်ချီသူတွေက ပြောပါတယ်။

ထုတ်ဝေသူ လိုင်စင်ကိုပိတ်ရင် ပုံနှိပ်သူတွေကိုပါတွဲပြီး ပိတ်တာဖြစ်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ပုံနှိပ်လုပ်ငန်းနဲ့စာပေထုတ်ဝေသူတစ်ဦးက ပြောပါတယ်။

"စာပေထုတ်ဝေသူတွေ ပုံနှိပ်သူတွေကို လိုက်ပိတ်နေတာ သတင်းမီဒီယာတိုက်တွေပါအပါဆို ၃၀ ကျော်လောက်ရှိနေပြီဗျ၊ ဒီလူတွေ အာဏာသိမ်းကတည်းက ပိတ်လာတာ ဒီနေ့အထိပဲ။ တချို့ပုံနှိပ်တိုက်နဲ့ထုတ်ဝေသူတွေအပိတ်ခံလိုက်ရတာ လူတွေတောင် မသိလိုက်ဘူး၊ ရုံးခေါ်ပြီး သတိပေးခံရတဲ့သူတွေလည်းရှိတယ်၊ စာအုပ်အချောမတင်ရင် သတင်းစာထဲကနေ သတိပေးတာမျိုးတွေလုပ်နေပြီ၊ မပိတ်စေချင်ဘူး။ စာအုပ်တိုက်တွေများလေကောင်းလေပဲလေ၊ ပုံနှိပ်ထုတ်ဝေတဲ့ဥပဒေကိုကျော်ပြီး လုပ်နေတဲ့သူတွေဆိုရင်တော့ ပိတ်လိုက်ပေါ့နော်၊ အခု ပိတ်ခံထားရတဲ့သူတွေကိုလိုက်ကြည့်လိုက်ရင် အတိုင်ခံရလို့ အပိတ်ခံလိုက်ရတာ၊ မိသားစုတစ်ဦးဦးက နိုင်ငံရေးလုပ်ခဲ့ဖူးလို့ အပိတ်ခံလိုက်ရတာတွေပဲ တွေ့ တွေ့နေရတယ်"

အာဏာမသိမ်းခင်ကာလက စာအုပ်တိုက်ပိတ်မယ်ဆိုရင် သတိပေးတာတွေ တရားရုံးမှာ ဖြေရှင်းခွင့်တွေ ရခဲ့တယ်လို့ ရန်ကုန်မြို့က စာအုပ်ထုတ်ဝေရေး လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"အာဏာမသိမ်းခင်က ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေက ဒီလောက်မပြင်းထန်ဘူး၊ အခုပြင်ဆင်လိုက်တဲ့ဥပဒေက ချက်ခြင်းဝင် ချက်ခြင်းပိတ်လိုက်တော့တာ၊ သတိပေးတာတွေ၊ တရားရုံးရောက်တာတွေမရှိတော့ဘူး၊ သတင်းပေးတိုင်ကြားလိုက်တာနဲ့ စာအုပ်ထုတ်ဝေသူရော၊ အဲဒီစာအုပ်ပုံနှိပ်ပေးတဲ့တိုက်ကိုပါ အပိတ်ခံနေရတာ"

ထုတ်ဝေခွင့်နဲ့ပုံနှိပ်ခွင့် ပိတ်ခံလိုက်ရတဲ့သူတွေဟာ မီဒီယာအမျိုးအစားတစ်ခုခုကိုအသုံးပြုပြီးပဲဖြစ်ဖြစ်၊ နည်းပညာတစ်ခုခုကိုအသုံးပြုပြီးပဲဖြစ်ဖြစ် ဘယ်လိုစာပေအမျိုးအစားကိုမှ ပုံနှိပ်ထုတ်ဝေခွင့် မပြုရဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။