ပဲခူးမှ ရွေးကောက်ပွဲကော်မရှင်ရုံး ဗုံးပေါက်ကွဲ
2010.09.30
ညကိုးနာရီခွဲသာသာလောက်မှာ ဖြစ်ပွားတာဖြစ်ပြီး အပျက်အစီးတချို့ ရှိခဲ့ပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိခဲ့ဘူးလို့ အခင်းဖြစ်တဲ့ ရပ်ကွက်မှာ နေထိုင်သူ ကိုအေးကြည်က RFA ကို အခုလို ပြောပါတယ်။
“အသံကတော့ သုံးမိုင်လောက် အကွာက ကြားရတယ်၊ ပရိဘောဂတွေ ပျက်စီးသွားတာပေါ့၊ စားပွဲခုံတွေ ကုလားထိုင်တွေ ပျက်ကုန်တယ် ထရံတွေဘာတွေ ပေါက်ကုန်တယ်၊ လူတော့ မထိဘူး ဘယ်သူမှ မထိဘူး၊ အမှတ် ၃ ရဲစခန်း အပိုင်မှာ ဖြစ်တာ၊ အာဏာပိုင်တွေကတော့ ညတွင်းချင်း ရောက်လာတယ်၊ ရောက်လာ ပြီးတော့ အဲဒီမှာ အဲဒီပတ်ဝန်းကျင်မှာ ရှိတဲ့ အဲဒီ ရာအိမ်မှူးတွေ ဘာတွေတော့ ခေါ်ပြီးတော့ မေးမြန်းစုံစမ်းနေတယ်။”
ဗုံးပေါက်ကွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက အပူတပြင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဆက်ပြောပါတယ်။
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အမှတ် (၈) ရပ်ကွက်အပိုင် နယ်မြေရဲစခန်း အမှတ် ၃ နဲ့ ရဲ သတင်းတပ်ဖွဲ့ရုံးတွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ ဟုတ်မှန်ကြောင်းလောက်သာ ပြောပြီး တယ်လီဖုန်း ချသွားခဲ့ပါတယ်။
ပဲခူးမြို့နယ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပေါက်ကွဲခဲ့တဲ့ဗုံးဟာ လက်လုပ်ဗုံးလို့ ယူဆရကြောင်းနဲ့ လက်သည်တရားခံကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း ဖုန်းလက်ခံဖြေဆိုတဲ့ တာဝန်ကျ အရာရှိတဦးက အခုလို ပြောပါတယ်။
“အင်း ဟုတ်တယ်၊ မနေ့က ညလောက်က ဖြစ်တာ၊ ဖြစ်တာကတော့ အပေါက်က တပေပတ်လည်လောက်ပဲ ပေါက်သွားတာပါ၊ ကုလားထိုင် အနောက်ဖက်ကနေပြီးတော့ အုတ်နံရံအောက်ကနေ ပေါက်တာ၊ အမှတ် ၃ ရဲစခန်းအဖွဲ့တွေတော့ အားလုံး စုံစမ်းနေကြတယ်၊ တရားခံကို မသိသေးတာ၊ အဲဒါတော့ လက်လုပ်ဗုံးလို့ပဲ ယူဆတယ်အကို၊ ပြင်းအားတော့ မရှိပါဘူး၊ ပြင်းအားမရှိဘူးဆိုတာ ဗီဒိုတွေ စာအုပ်တွေလောက်ပဲ ပြဲသွားတာ လူကတော့ တယောက်မှ ထိခိုက်မှု မရှိဘူး။”
ပဲခူး စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးက အရာရှိတဦး ပြောဆိုသွားတာပါ။