ကျောက်မဲမြို့ ဗုံးပေါက်ကွဲမှု အမျိုးသားတစ်ဦး ဒဏ်ရာရ
2024.05.26
ရှမ်းပြည်နယ် ကျောက်မဲမြို့ (၁) ရပ်ကွက်မှာရှိတဲ့ One Love Hotel ရှေ့မှာ မေလ ၂၆ ရက်နေ့ည ၇ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုအသံပြင်းထန်ပြီး ဟိုတယ်ရှေ့ထိုင်နေသူတစ်ဦးကို ထိခိုက်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟိုတယ်ရှေ့လို့ပဲ ပြောရမှာပေါ့နော်။ အဲနားလေးမှာ ထိုင်နေတဲ့ တစ်ယောက်ကို ထိသွားတာ။ ဗုံးက ဘယ်ကလာလဲတော့ မသိဘူး။ ဟိုတယ်ဝိတ်တာလား ဧည့်သည်လားမသဲကွဲဘူး။ ကျွန်တော်ထင်တာက ဝိတ်တာထင်တယ်။ အဲမှာ ဗုံးပေါက်ကွဲတော့ ခြေထောက်နှစ်ဖက်ဒဏ်ရာရတယ်။“
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ အမျိုးသားကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကျောက်မဲပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဆိုယ်ကယ်စီးလာသူတစ်ဦးက One Love Hotel ရှေ့ ဗုံးပစ်ထည့်သွားတာလို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အဲဒီသတင်းကို အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုအရှိန်ကြောင့် One Love Hotel နား ရပ်ထားတဲ့ကားတချို့ ထိခိုက်ပျက်စီးခဲ့တာတွေရှိတယ်လို့လည်းသိရပြီး ဘာကြောင့် ဗုံးပေါက်ကွဲခဲ့လဲဆိုတာကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူထံ RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။