စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ် ယာဉ်တန်း မိုင်းဆွဲခံရ

2022.02.21
စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ် ယာဉ်တန်း မိုင်းဆွဲခံရ စစ်ကိုင်းတံတားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ အောက်တိုဘာ ၁၀ ရက်နေ့က တွေ့ရစဥ်
Photo: AFP

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော် စီးနင်း လာတဲ့ယာဉ်တန်းကို ဖေဖော်ဝါရီ ၂၁ ရက် ဒီနေ့ ယင်းမာပင် PDF အဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF အဖွဲ့ဝင်တွေက ပြောပါတယ်။

ယင်းမာပင်မြို့ ဇောတိကဘုန်းကြီးကျောင်းမှာ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို လာတဲ့ စစ်ကိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ရဲ့ ယာဉ်တန်းကို ယင်းမာပင်မြို့အရှေ့ဘက်က နှောရိုး ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် စီးလာတဲ့ ယာဉ်တန်းတစ်ခုကို ကျွန်တော် တို့တွေ မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့တယ်ပေါ့နော်။ ယာဉ်တန်းနဲ့ပါလာတဲ့ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးတာတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နာရေးကားတွေနဲ့ လာပြီး သယ်တာမျိုး ရှိခဲ့ပါတယ်"

အဲဒီယာဉ်တန်းမှာ ပွိုင့်ကား၊ ကားအနက်၊ စစ်တပ်သုံးယာဉ်နဲ့ အရပ်သားစီးကားတွေ အပါအဝင် အနည်းဆုံး ဆယ်စီးပါတယ်လို့ သူက ပြောပါတယ်။

ဝန်ကြီးချုပ်ကတော့ ရဟတ်ယာဉ်အသုံးပြုပြီး ယင်းမာပင်မြို့ကနေ ထွက်ခွာခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးပတ်ဝန်းကျင်ကို စက်သေနတ်၊ မော်တာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA အနေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနေ့က နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်ရဲ့ ကားခြောက်စီးပါ ယာဉ်တန်းကို ယင်းမာပင် PDF ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားသုံးစီး မှောက်ပြီး တစ်စီး မီးလောင်ကျွမ်းခဲ့တယ်လို့ ယင်မာပင်မြို့နယ် PDF တွေက ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။