မန္တလေး ကညနရုံး ဗုံးကွဲ လူတချို့ထိခိုက် ဆိုင်ကယ်တွေမီးလောင်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးရှေ့မှာ အောက်တိုဘာလ ၂၇ ရက် ဒီနေ့ မနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ ရသူအချို့ရှိသလို ရပ်ထားတဲ့ ဆိုင်ကယ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
“အုန်းဆိုတဲ့ အသံကြားလိုက်ရပြီး ဆိုင်ကယ်တွေ မီးလောင်နေတာတွေ့တယ်၊ ဒီတစ်ခေါက် လူထိခိုက် တာတော့ သေချာမသိရသေးဘူး၊ မီးသတ်ကားတွေတော့ ရောက်လာပြီး မီးငြှိမ်းနေတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်တိုင်တွေ့ခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး လေးဦးခန့်ရှိနိုင်တယ်လို့လည်း မန္တလေးဒေသခံတွေ ဆိုပါတယ်။
ကညနရုံး ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ခဲ့သလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။
မန္တလေးမြို့ ကညနရုံးမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါက်ကွဲမှု (၃) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၇ ရက်နေ့က ပေါက်ကွဲမှုမှာတော့ လူခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။