ဟိုပင်ဘူတာအနီး ဗုံးကွဲ၊ သံလမ်းပျက်စီး

ပြီးခဲ့တဲ့သောကြာနေ့ ညဦးပိုင်းက ဟိုပင်မြို့ ဘူတာရုံအနီးမှာ ဗုံးပေါက်ကွဲတဲ့အတွက် ရထားလမ်း အနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။

2011.10.08

ဗုံးပေါက်ကွဲတဲ့ နေရာကို ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ မြို့ခံတယောက်က သံလမ်းတချို့ ပျက်စီးနေတာ မြင်ခဲ့ရတယ်လို့ RFA ကို ပြောပြပါတယ်။

“ဘူတာကြီးတောင်ဘက် ဈေးကြီးရဲ့ အရှေ့ဘက်မှာ ည ၇ နာရီ ၄၅ မိနစ်မှာ ဖြစ်တယ်။ ဗုံးကွဲတဲ့နေရာ သံလမ်းတဖြတ်လောက် ပျက်စီးသွားတယ်။ ခုမနက်အထိ ပြင်နေတုံးပဲ။ ၁ဝ ပေ ၁၅ ပေလောက် သံလမ်း ပျက်စီးသွားတယ်။ ဘူတာကြီးနဲ့ ကိုက် ၈ ရာ ၁ ထောင်လောက် ဝေးတယ်”

သံလမ်း ပျက်စီးသွားပေမယ့် လူသူထိခိုက်မိတာတွေတော့ မရှိဘူးလို့ သိရပါတယ်။ ဗုံးဖောက်ခွဲမှုတွေ ရှိလာနိုင်ကြောင်း လုံခြုံရေးအာဏာပိုင်တွေ သတိပေးထားတဲ့ ကြားက ပေါက်ကွဲတာဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။

“မြို့လယ်ကောင် မီးသတ်ရုံးကနေ လော်စပီကာနဲ့ အော်ထားတာ။ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဟိုပင်မြို့ ဘေးပတ်ဝန်းကျင် သံလမ်းဘေးတွေ မထွက်ရ မသွားလာရလို့ အမိန့်ထုတ်ထားတာ ၇ ရက်တောင် မပြည့်သေးဘူးဗျာ မိုင်းကွဲတာ။ ဗုံးကွဲတော့ ဟိုပင်မြို့အဝင်တံတားမှာ စောင့်တဲ့ စစ်သားတွေက သေနတ်သုံးချက် ပစ်တယ်ဗျ၊ အပေါ်ထောင်ပစ်တာ။ အခုမနက် အစောချည်းလည်းပဲ ညတွင်းချင်း ရောက်လားမသိဘူး။ လုံခြုံရေးတွေကတော့ သံလမ်းတံတားမှာ အသေအချာ စောင့်နေတယ်”

ပြီးခဲ့တဲ့လကလည်း ဟိုပင်ဘူတာရဲ့ မြောက်ဘက်မှာ အလားတူ ဗုံးမျိုး ပေါက်ကွဲခဲ့ပါတယ်။ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့က နမ္မတီးနဲ့ မိုးကောင်းမြို့ရှိ တံတားနှစ်စင်းမှာ ဗုံးပေါက်ကွဲခဲ့သလို မိုးကောင်းမြို့ပေါ်မှာလည်း ဗုံးကွဲလို့ လူတယောက် သေဆုံးခဲ့တယ်လို့ နမ္မတီးဒေသခံ တယောက်က ပြောပြပါတယ်။

“တံတားညီနောင် တံတားရယ်၊ မိုးကောင်းလွဲလော တံတားရယ်။ တရက်လောက် ရထားတွေ ဘာတွေ ရပ်သွားတယ်။ မန္တလေးဘက်ကလာရင် မိုးကောင်းအဝင် ၂ နေရာပေါ့။ ၅ ရက်နေ့ ည ၁၁ နာရီခွဲ တပြိုင်တည်းနီးပါးပေါ့။ တံတား ၂ စင်းဆိုတော့ ဒီဘက်က ခမရ (၃၈၃) ထိုင်ထားတယ်၊ ဟိုဘက်က ခမရ (၂၆ဝ) ထိုင်ထားတယ်။ ၅ ရက်နေ့ အဲဒီမှာ ကွဲပြီးတော့ ၄ ရက်နေ့ နေ့လည်က မိုးကောင်းတရားရုံးမှာ ကွဲတာ။ နောက်တလုံးက ၄ ရက်နေ့ပဲ။ မိုးကောင်း ကညန ရုံးမှာ ကွဲတာ။ အဲဒီမှာ တယောက်သေတယ်လေ။ မိုင်းလည်း ကွဲရော သူတို့လည်း ရောက်ခဲ့ပြီး ဘယ်သူမှ မကပ်ရဘူးတဲ့။ ယူပြီး တောက်လျှောက် သြင်္ဂိုဟ်လိုက်တော့ ဘာမှ မသိဘူး ဖြစ်သွားတာ”

ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အစိုးရက KIO ကချင်လွတ်လပ်ရေးအဖွဲ့ကို စွပ်စွဲလေ့ရှိတဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်လို့ KIO ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ သူတို့ ဘာမှ မပြောဆိုလိုကြောင်း KIO တွဲဘက် အထွေထွေအတွင်းရေးမှူး-၂ ဦးလနန်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။