စစ်ကောင်စီနဲ့ စီးပွားရေးမလုပ်ဖို့ ထိုင်းရေနံကုမ္ပဏီကို ဆန္ဒပြတောင်းဆို
2022.11.29

စစ်ကောင်စီကနေ သဘာဝဓာတ်ငွေ့ဝယ်ယူမှု ရပ်တန့်ဖို့ ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီကို တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂၉ ရက်နေ့ညက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
PTTEP ကုမ္ပဏီက စစ်ကောင်စီဆီကနေ လစဉ် ဒေါ်လာသန်းပေါင်းများစွာနဲ့ သဘာဝဓာတ်ငွေ့ ဝယ်ယူနေတာရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတာပါ။
နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီ ဝင်ငွေရစေမယ့် စီးပွားရေးလုပ်ငန်းတွေ မလုပ်ဖို့နဲ့ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့သာ တိုက်ရိုက် ဆက်ဆံသင့်ကြောင်း ဆန္ဒပြလူငယ်တစ်ဦးက ပြောခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ ထိုင်းနိုင်ငံက PTTEP၊ တောင်ကိုရီးယား POSCO၊ အိန္ဒိယ ONGC၊ ဂျပန် Nippon Oil ကုမ္ပဏီနဲ့ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီတွေဟာ ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP- Myanmar) ရဲ့ နိုဝင်ဘာ ၂ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ဝ ရက်နေ့အထိ စစ်ကောင်စီဟာ စွမ်းအင်ကဏ္ဍကနေ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ငွေ အများဆုံးရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကာလအတွင်း စွမ်းအင်ကဏ္ဍကို ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃.၈ ဘီလီယံ ကျော်ရှိခဲ့ပြီး ဒါဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏရဲ့ ၆၈ ရာခိုင်နှုန်းနီးပါးအထိ ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန စာရင်းတွေအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ စင်္ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံတွေ ဖြစ်ပါတယ်။