အမည်ပျက်စာရင်းရှိသူတွေ ပြည်ပမထွက်ခွာစေရေး စစ်ကောင်စီ တင်းကျပ်

RFA Burmese
2024.11.05
အမည်ပျက်စာရင်းရှိသူတွေ ပြည်ပမထွက်ခွာစေရေး စစ်ကောင်စီ တင်းကျပ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။
Photo: RFA

အမည်ပျက်စာရင်းရှိသူတွေကို ပြည်ပထွက်ခွင့်မပေးဘဲ စနစ်တကျ စိစစ်တားဆီးဖို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ရန်ကုန်လေဆိပ် လ.ဝ.က ဝန်ထမ်းတွေကို ညွှန်ကြားခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာတွေမှာ နိုဝင်ဘာလ ၅ ရက် မနေ့က ဖော်ပြပါတယ်။

အမည်ပျက်စာရင်း သွင်းထားသူတွေကို ပြည်ပထွက်ခွာခွင့်မပေးတာဟာ အရင်ကတည်းကဖြစ်ပြီး အခုတော့ ပိုပြီးတင်းတင်းကျပ်ကျပ်လုပ်ဖို့ စစ်ကောင်စီရဲ့ လ.ဝ.က ဝန်ကြီးက ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဆရာဝန်တစ်ဦးကတော့ စစ်ကောင်စီက ဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးနေတာလို့ RFA ကို ပြောပါတယ်။

“အမည်ပျက်စာရင်းရှိရင် ပြည်ပနိုင်ငံတွေကို ဘယ်မှသွားလာလို့ မရဘူး။ အဲဒီအမည်ပျက်ကို ပယ်ဖျက်ဖို့ဆိုရင် တာဝန်ပြန်ထမ်းဆောင်မှပဲရမှာ။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ အသနားခံစာ တင်ရတာပေါ့။ ဒါက CDM လုပ်တဲ့ ဝန်ထမ်းတွေကို တာဝန်ပြန်ထမ်းဆောင်ဖို့ ဖိအားပေးတာ”

စစ်ကောင်စီဟာ အမည်ပျက်စာရင်း အသွင်းခံရသူတွေရဲ့ နိုင်ငံကူးလတ်မှတ်တွေကို ပယ်ဖျက်တာ၊ သက်တမ်းတိုးခွင့် ပိတ်သိမ်းတာတွေလည်း လုပ်တယ်လို့ သူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားသူတွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို စစ်ကောင်စီက အမည်ပျက်စာရင်း သွင်းထားတာပါ။

အဲဒီနောက် ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ အမည်ပျက်စာရင်း သွင်းထားသူတွေကို ပြည်ပထွက်ခွာခွင့် မပေးဘဲ ဖမ်းဆီးထိန်းသိမ်းတာတွေလည်း လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးနောက် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ကြား လူငယ်အမျိုးသားတွေကိုလည်း စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ထိန်းချုပ်ကန့်သတ်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။