မြန်မာနည်းပညာကုမ္ပဏီ သုံးခုကို အမေရိကန် နာမည်ပျက်စာရင်းသွင်း
2023.03.04
အာဏာသိမ်းစစ်ကောင်စီကို နည်းပညာပိုင်း အဓိက ကူညီပံ့ပိုးနေတဲ့ နောင်ရိုးကုမ္ပဏီ၊ FISCA ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနတို့ကို အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ ပါကစ္စတန်၊ ထိုင်ဝမ်နဲ့ မြန်မာအပါအဝင် ပြည်ပကုမ္ပဏီ ၃၇ ခုကို စစ်လက်နက်နဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေ တင်ပို့ရောင်းချမှုတွေကန့်သတ်ဖို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း နာမည်ပျက်စာရင်းဝင် တရုတ်ကုမ္ပဏီတွေကို ဒေါ်လာ ၂၃ ဘီလျံကျော် တန်ဖိုးရှိတဲ့ နည်းပညာပစ္စည်းကိရိယာတွေ အမေရိကန်ကနေ တင်ပို့ခွင့်ပြုခဲ့တဲ့အပေါ် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ဆွေးနွေးကြားနာပြီးနောက် ဒီစာရင်းကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေ ဖြစ်တဲ့ နောင်ရိုးကုမ္ပဏီ၊ FISCA ကုမ္ပဏီနဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနတို့ဟာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို စစ်ကောင်စီက ခြေရာခံ စုံစမ်းထောက်လှမ်းရာမှာ အသုံးပြုဖို့ နည်းပညာဝန်ဆောင်မှုတွေ ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဦးရဲဝင့်ထွဋ်တင်ပိုင် နောင်ရိုးနည်းပညာကုမ္ပဏီနဲ့ ဦးဇော်ဝိတ်ပိုင် FISCA လုံခြုံရေးနဲ့ဆက်သွယ်ရေး ကုမ္ပဏီတို့ဟာ အရင် နအဖ စစ်အစိုးရလက်ထက်ကတည်းက စစ်တပ်နဲ့နီးစပ်တဲ့ နည်းပညာကုမ္ပဏီတွေဖြစ်ပြီး စစ်ကောင်စီအတွက် လုံခြုံရေးကင်မရာတပ်ဆင်ရေး တင်ဒါတွေ ရရှိထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။