BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ ရှေ့နေချုပ်ထံ ထိုင်းအစိုးရ တင်ပြ
2025.03.03

မြဝတီနဲ့ ရွှေကုက္ကိုဒေသကို ထိန်းချုပ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ရှေ့နေချုပ်ရုံးကို မတ် ၃ ရက်က တင်သွင်းခဲ့တယ်လို့ ထိုင်းအခြေစိုက် Khaosod English သတင်းမှာ ဖော်ပြပါတယ်။
BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က တင်သွင်းလိုက်တာဟာ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ လုပ်ဆောင်နေတဲ့ လူကုန်ကူးမှုလုပ်ငန်းတွေနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
DSI ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ရဲမှူးကြီး Siriwit Kasemsuap က ဗိုလ်မှူးကြီး စောချစ်သူနဲ့ အပေါင်းအပါတွေကို တရားစွဲဆိုဖို့ စုဆောင်းထားတဲ့ အထောက်အထားတွေဟာ ခိုင်လုံကြောင်း အတည်ပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ အမှုကို ရှေ့နေချုပ်က ပြန်လည်စစ်ဆေးနေချိန်မှာ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို လျှို့ဝှက်ထားမယ်လို့ ဆိုပါတယ်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ထိုင်းနိုင်ငံကို ဝင်လာတာနဲ့တစ်ပြိုင်နက် ဖမ်းဆီးအရေးယူသွားမယ်လို့ ထိုင်းအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီလက ပြောထားပါတယ်။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ဖေဖော်ဝါရီလထဲမှာ တောင်းခံထားတာ ဖြစ်ပါတယ်။
BGF ခေါင်းဆောင်ကို ဖမ်းဝရမ်းဖို့ ထိုင်းနိုင်ငံက ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး BGF ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို RFA မေးမြန်းဖို့ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ထိုင်းအာဏာပိုင်တွေ စွပ်စွဲသလို BGF ခေါင်းဆောင်တွေ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း BGF ဘက်က ငြင်းဆိုထားပါတယ်။