နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ ကရင်နီကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းသွားကြောင်း စစ်ကောင်စီဝန်ခံ

RFA Burmese
2023.06.29
နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ ကရင်နီကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းသွားကြောင်း စစ်ကောင်စီဝန်ခံ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Karenni Nationalities Defense Force-KNDF B-11

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်အတွင်းက ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့ အတွင်းမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားခဲ့တယ်လို့ ဇွန်လ ၂၉ ရက် ဒီနေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

မယ်စဲ့မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ တောင်လှစခန်း၊ မယ်တနွယ် စခန်း၊ BP 14 စခန်း၊ မယ်စဲ့စခန်းနဲ့ နမ့်ပေါင်စခန်းတွေကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF ပူးပေါင်းတပ်ဖွဲ့တွေက အခုလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာတော့ ပန်တိမ်ဒေသမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် (၁၀၀၄) နယ်ခြာစောင့်စခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး အဲဒီနယ်ခြားစောင့် စခန်း တပ်ဖွဲ့ဝင်တွေဟာ KNPP၊ KNDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားခဲ့တယ်လို့ စစ်ကောင်စီဘက်က ဖော်ပြလာတာပါ။

အဲဒီစခန်းကို လေကြောင်းနဲ့ ကြည်းကြောင်းတပ်ဖွဲ့တွေကို အသုံးပြုပြီး ပြန်လည် သိမ်းပိုက်ခဲ့နိုင်ခဲ့သလို ရုံးအဆောက်အအုံတွေမှာ အကျယ်ချုပ်ပုံစံနဲ့ ထိန်းသိမ်းခံထားရတဲ့ တပ်ရင်းတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို ကယ်တင်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

စွတ်ပိုင်ဒေသမှာရှိတဲ့ အမှတ် (၁၀၀၅) နယ်ခြားစောင့်စခန်းကိုလည်း ဇွန်လ ၂၇ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် တပ်ရင်းတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ကရင်နီစစ်ဘက်ရေးရာ သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း မယ်စဲ့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ကြောင်း RFA ကို ပြောဆိုထားပါတယ်။

မယ်စဲ့စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ၁၉၉၄မှာ စစ်ကောင်စီတပ်နဲ့ ငြိမ်းချမ်းရေးယူထားပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်တွေက ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကနေ ပြန်လည်တိုက်ခိုက်ပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်ကတော့ ဒီအပေါ်မှာ သီးခြားအတည်ပြု ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိနဲ့ တပ်သားအချို့ သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်သလို ကရင်နီ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်အချို့ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားပါတယ်။

မယ်စဲ့တိုက်ပွဲအတွင်းမှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့်ရှိသူ အပါဝင် တပ်သားအချို့ တောလှန်ရေးအင်အားစုတွေဘက်ကို အလင်းဝင်ခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မယ်စဲ့တိုက်ပွဲကြောင့် ဒေသခံ ၇၀၀၀ ဝန်းကျင် ထိုင်းနိုင်ငံထဲနဲ့ နီးစပ်ရာဒေသတွေကို ထွက်ပြေးနေရပြီး ထိုင်နိုင်ငံအတွင်း ခိုလှုံနေရသူ ၄၀၀၀ ဝန်းကျင်ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့်မရဘဲ နယ်စပ်မှာ ခိုလုံနေရသူ ၁၀၀၀ ဝန်ကျင်လောက် အထိရှိပြီး ကျန်တဲ့သူတွေကတော့ နယ်စပ်ဒုက္ခသည်စခန်းနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံနေရဆဲဖြစ်တယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။