ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲတစ်ရာနီးပါးဖြစ်ပွား
2023.02.20

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ (၅) ဒေသမှာ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်း တိုက်ပွဲတစ်ရာနီးပါးဖြစ်ပွားခဲ့တယ်လို့ KNU က ဖေဖော်ဝါရီလ ၁၉ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ KNU လက်နက်ကိုင်တပ်တွေအကြား ရင်ဆိုင်တိုက်ပွဲ ၉၁ ကြိမ် ဖြစ်ပွားခဲ့တဲ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ၁၈ ကြိမ်ပစ်ခဲ့သလို လေကြောင်း ကနေ ဗုံးအလုံး ၄၀ ကြဲချခဲ့တယ်လို့ KNU တပ်မဟာ(၅) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် စာသင်ဆောင်၊ နေအိမ်နဲ့ အဆောက်အအုံ ၂၆ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း တဘောကော်ဒဲရွာ ဒေသခံ စောမောင်နူး သေဆုံးခဲ့ပြီး KNU တပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ၂၈ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နှစ်ဘက် ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တပ်မဟာ (၅) နယ်မြေဟာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ အများဆုံးလုပ်တဲ့ ဒေသတစ်ခုဖြစ်နေပြီး မြေပြင်ထိုးစစ်၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ပြောက်ကျား တိုက်ခိုက်မှုတွေကိုပါ တွေ့နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က RFA ကို ပြောခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကတော့ ပြည်သူတွေကို ပစ်မှတ်ထားတာမရှိဘူးလို့ RFA ကို ဖေဖော်ဝါရီလ ၁၅ ရက်က ပြောထားပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည် လေးသိန်းနီးပါးရှိလာပြီလို့ KNU ရဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။