ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ပေါ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့KIA၊ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး နေအိမ်အချို့ လက်နက်ကြီး ထိမှန်တာရှိတယ်လို့ ဒေသခံကပြောပါတယ်။
ဒီနေ့ ညနေ လေးနာရီဝန်းကျင်ထိ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ နေအိမ်အပြင် မထွက်ရဲသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ မန်တုံမြို့ခံတစ်ဦးက ပြောပါတယ်။
“မနက်တည်းက မန်ကန်ရပ်ကွက်ကုန်းကနေ စဖြစ်တာပေါ့။ ရဲစခန်းကို ဝင်ပစ်တာ။ အဲမှာက ရဲသုံးယောက်လောက်ပဲ ရှိတာ။ သူတို့လည်း အဲမှာ မနေကြတာကြာပြီ”
အရပ်သားထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှု အခြေအနေတွေကို တိတိကျကျ မသိရ သေးဘူးလို့လည်း သူကဆိုပါတယ်။
မန်တုံမြို့နယ်နဲ့ နယ်မြေချင်း တစ်ဆက်တည်းဖြစ်တဲ့ နမ္မတူမြို့နယ် ကုန်းကယားရွာ အနီးမှာလည်း စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တွေတိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
မနက်ပိုင်းမှာ ကုန်းကယား ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းမှာ နမ္မတူမြို့အထွက် စစ်တပ်စခန်းကို KIA တပ်ဖွဲ့က လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
တိုက်ပွဲကြောင့် အိမ်ခြေ ၉၆ အိမ်ရှိတဲ့ ကုန်းကယားကျေးရွာက လူဦးရေ ၂၇၅ ဦးဟာ နမ္မတူမြို့နယ် ပုပ္ပါရုံဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေရပြီး စားသောက်စရာတွေနဲ့ အဝတ် အထည်တွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူ တစ်ဦးက RFA ကိုပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အချို့မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေနေ့စဉ်လို ဖြစ်နေပြီး မနေ့က တစ်ရက်တည်းမှာပဲ သိန္နီမြို့နယ်နဲ့ နမ္မတူမြို့နယ်အတွင်းမှာ တိုက်ပွဲ သုံးကြိမ်အထိ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။