နမ့်ဆန်မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာရွာ တစ်ရွာလုံးနီးပါးပျက်စီး

RFA Burmese
2022.12.13
နမ့်ဆန်မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာရွာ တစ်ရွာလုံးနီးပါးပျက်စီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကုန်းသာရွာမှနေအိမ် အချို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ ဒီဇင်ဘာလ ၇ ရက်ကနေ မနေ့ကထိ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြားမှာ တိုက်ပွဲတွေအတွင်းမှာ အိမ်ခြေ ၆၀ ဝန်းကျင်ရှိတဲ့ ကုန်းသာရွာဟာ တစ်ရွာလုံးနီးပါး ပျက်စီးခဲ့တယ်လို့ TNLA တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အခုလို ထိခိုက်ပျက်စီးခဲ့တာလို့ TNLA ပြန်ကြားရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကို ဒီနေ့ ပြောပါတယ်။

“ကုန်းသာရွာမှာတော့ ၇ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားကတည်းက စဖြစ်နေတာပေါ့နော်။ ကုန်းသာရွာ တစ်ရွာလုံးက လက်နက်ကြီးဒဏ်ရာကိုတော့ တစ်ရွာလုံး ထိမှန်ပြီးတော့ ခံစားရတာပေါ့။ တချို့နေရာတွေမှာ လုံးဝ ပျက်စီးသွားတဲ့ အနေအထားရှိတယ်။ နေအိမ် ၅ လုံးလောက် မီးလောင် ပျက်စီးသွားတာ ရှိတယ်။ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ထိခိုက် တာရှိတယ်။ စာသင်ကျောင်းလည်း ထိမှန်ပျက်စီးသွားတယ်”

ဒီကနေ့ တိုက်ပွဲပွားတာမရှိပေမယ့် မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ရဟတ်ယာဉ်တွေ ပျံဝဲနေတယ်လို့ TNLA က ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ကုန်းသာ၊ ဟူးမန်း၊ မန်လုံနဲ့ ပိန်းလုံရွာနဲ့ အနီးအနားဒေသတွေက အရပ်သား နှစ်ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာနဲ့ ပတ်သက်လို့ နမ့်ဆန်မြို့နယ် အုပ်ချုပ် ချုပ်ရေးမှူး ဦးဝင်းသန်းထိုက်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၆၉၃၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ TNLA ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိပါဘူး။ ဒီအပြင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်တွေကိုလည်း ပယ်ချထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။