လွိုင်ကော်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေပြီး အရပ်သား သေဆုံးမှုတွေ ဆက်ရှိနေ
2023.11.28

ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၂၇ ရက်မနေ့က လက်နက်ကြီးကြောင့် နေအိမ်တချို့ မီးလောင်ခဲ့သလို နိုဝင်ဘာလ ၂၂ ရက်ကနေ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် (၁၂) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားခုနစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၇ ရက်မနေ့က နှစ်ဖက်တိုက်ပွဲအတွင်း မြို့ပေါ် ရပ်ကွက်တွေထဲကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် နေအိမ် သုံးလုံးခန့် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
မြို့ထဲမှာ တိုက်ပွဲ ဆက်ပြင်းထန်နေပြီး လက်နက်ကြီးနဲ့ပါ စစ်ကောင်စီတပ်က ပစ်နေတာကြောင့် သေဆုံးတဲ့ အရပ်သားအချို့ရဲ့ ရုပ်အလောင်းတွေကို မသယ်နိုင်သေးဘူးလို့လည်း စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက် ပေးနေသူတွေက ပြောပါတယ်။
လမ်းသွားလမ်းလာ ပြည်သူတွေထဲက ပစ်ခတ်ခံရလို့ သေဆုံးသူတွေနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်း ငါးခုလောက်ကို မသယ်နိုင်သေးဘူးလို့ ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ပစ်သတ်တဲ့အထဲမှာ ယောက်ျားလေး (ကလေး) တစ်ယောက်ပါ ပစ်သတ်ခံရတယ်။ အလောင်းတွေ အခုထိ မကောက်နိုင်သေးဘူး။ အစိုးရဝန်ထမ်းအိမ်ရာ တိုက်ခြောက်လုံးဘက်မှာ ဖြစ်နေတာ။ ပြည်သူတွေက ဖြတ်သွားတဲ့အချိန် သူတို့ (စစ်ကောင်စီ) က လိုက်ပစ်တာ”
တစ်လေးလုံး စစ်ဆင်ရေး စတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်ကနေ ၂၇ ရက်အထိဆိုရင် ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံနဲ့ မိုးဗြဲမှာ သေဆုံးသူ အသက်မပြည့်တဲ့ကလေး ၁၂ ဦး အပါအဝင် (၇၆) ဦးရှိပြီလို့ KHAI ရဲ့ နိုဝင်ဘာလ ၂၈ ရက် ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအထဲမှာ လက်နက်ကြီးကြောင့် သေဆုံးသူက (၃၇) ဦးနဲ့ အများဆုံးဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ (၂၄) ဦးနဲ့ ပစ်ခတ် သတ်ဖြတ်ခံရလို့ သေဆုံးသူက (၁၅) ဦးရှိတယ်လို့ ဆိုပါတယ်။
အရပ်သားတွေ သေဆုံးတဲ့အပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။