ဒုက္ခသည်တွေကို ပြန်ခေါ်ရေး အစီအစဉ်


2017.09.30
bangladesh-refugees-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: UNHCR in Bangladesh

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒုက္ခသည်တွေအဖြစ် ရောက်ရှိနေသူတွေ ပြန်လာချင်တယ်ဆိုရင် ပြန်လည်နေထိုင်လိုကြောင်း ပုံစံစာရွက်တွေနဲ့အတူ NV ကဒ် ဒါမှမဟုတ် ဝှိုက်ကဒ်ပြန်လည်အပ်နှံထားတဲ့ ပြေစာအထောက်အထား တင်ပြဖို့လိုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်သွားမယ့် အစိုးရ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဆီ ပေးအပ်ထားတဲ့ ပုံစံစာရွက်တွေနဲ့အတူ အထောက်အထားတစ်ခုခု တင်ပြရမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

"အဓိကကတော့ မြန်မာနိုင်ငံထဲမှာ နေထိုင်ခဲ့ဖူးသူဖြစ်ရမယ်ဆိုတာ ပါတယ်လေ၊ မြန်မာနိုင်ငံထဲမှာ နေထိုင်ခဲ့ဖူးကြောင်း အထောက်အထားတစ်ခုခု သူတို့တင်ပြရမှာပေါ့၊ ကျနော်တို့ NV ကဒ် ထုတ်ပေးထားတဲ့ အထောက်အထားတွေရှိတယ်၊ အဲ့ဒါတွေကို မူရင်းကိုတော့ သူတို့သိမ်းထားပြီး မိတ္တူကိုတော့ တွဲတင်ပေးရမှာပေါ့၊ ဝှိုက်ကဒ်အပ်နှံထားပြီးတော့ အပ်နှံပြေစာတွေ မိတ္တူကူးပေး လည်းရတယ်"

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပါဝင်တဲ့ အဆင့်မြင့်သံတမန်အဖွဲ့ဟာ ရှေ့လဆန်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ ဒုက္ခသည်တွေ မြန်မာပြည်မှာ ပြန်လည်နေထိုင်လိုကြောင်း ပုံစံစာရွက်တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရဆီ ပေးလိုက်မှာဖြစ်ပြီး ဒုက္ခသည်တွေက အဲဒီပုံစံစာရွက်မှာ လက်မှတ်ထိုးပြီး အချက်အလက်တွေကို ဖြည့်ပေးရမှာဖြစ်ပါတယ်။

အချက်အလက်တွေအားလုံး မှန်ကန်ကြောင်း စိစစ်ပြီးရင်တော့ တောင်ပြိုလက်ဝဲမှာ စခန်းတစ်ခု၊ ငခူရမှာ စခန်းတစ်ခုဖွင့်လှစ်ပြီး စိစစ်လက်ခံသွားမှာဖြစ်ပါတယ်။

ဦးမြင့်ကြိုင် ပြောကြားချက်အပြည့်အစုံကို ဆက်သွယ်မေးမြန်းချက်မှာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။