ဒုက္ခသည်နေရပ်ပြန်ပို့ရေး ကုလနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ လက်မှတ်ထိုး
2018.02.12
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်မှာ ကုလသမဂ္ဂ ပါဝင်ဆောင်ရွက်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက မနေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း အေအက်ဖ်ပီ သတင်း က ဖေါ်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့အတူ ပူးပေါင်း ဆောင်ရွက်မှ သာ ဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက် မဟုတ်ဘဲ အဓမ္မ ပြန်ပို့ခံရတာလို့ မစွပ်စွဲနိုင်မှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရှာရီယာ အလမ် က ပြောပါတယ်။
ဒုက္ခသည်တွေကို နေရပ်ပြန်ရေးဆိုင်ရာ ပုံစံစာရွက်တွေ ထုတ်ပေးမှာဖြစ်ပြီး၊ လိုအပ်တဲ့ အချက်အလက်တွေကို ကုလသမဂ္ဂ အရာရှိတွေ ရှေ့မှောက်မှာ ဖြည့်သွင်းရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒုက္ခသည် ပြန်ပို့ရေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စတင်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပေမယ့်၊ ဒုက္ခသည်တွေက သူတို့ရဲ့ လုံခြုံရေး စိုးရိမ်နေကြတာကြောင့် ကန့်ကွက်ဆန္ဒပြတာတွေ၊ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြင်ဆင်မှု အားနည်းနေတာတွေကြောင့် အထမမြောက်ခဲ့ပါဘူး။
ဒုက္ခသည်ပြန်ပို့ရေး လုပ်ငန်းစဉ်ဟာ ရှုတ်ထွေးကြောင်း၊ အရင်က ဖြစ်ခဲ့သလို ပြန်ပို့လိုက်၊ ပြန်ဝင်လာလိုက် အခြေအနေမျိုးတွေ ထပ်ပြီး မဖြစ်စေလိုတော့ကြောင်း ဘင်္ဂလားဒေ့ရှ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
အခုအချိန်အထိ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ဝင်ဖို့ ကြိုးစားနေသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံ နယ်စပ် ကြားခံမြေမှာ ဖြစ်သလို စခန်းချနေကြတဲ့ မွတ်စလင် ၆ ထောင် လောက်ကို ကိုယ့်ရွာကိုယ် ပြန်ကြဖို့၊ မပြန်ရင် နောက်ဆက်တွဲ ပြဿနာတွေ ရင်ဆိုင်ရလိမ့်မယ်လို့ မြန်မာအစိုးရ ပြည်ထဲရေးဌာန ဒုတိယဝန်ကြီးက နယ်စပ်ခြံစည်းရိုး သံဆူးကြိုးကြားကနေ စကားပြန်ကတဆင့် သတိပေး ပြောဆိုခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖေါ်ပြပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားရောက်ခဲ့တဲ့ သံတမန် ခရီးစဉ်မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပ သမဂ္ဂ သံအမတ် Kristian Schmidt ရဲ့ ကောင်းကင် ဓါတ်ပုံတွေအရ မွတ်စလင် ကျေးရွာတွေကို ဘူဒိုဇာ မြေထိုးစက်နဲ့ ရှင်းလင်းထားတဲ့ပုံတွေ တွစ်တာ လူမှုကွန်ရက်မှာ တင်ထားတာ တွေ့ရကြောင်းလည်း အေအက်ဖ်ပီ သတင်းဌာနက ဖေါ်ပြပါတယ်။