AA နဲ့ သံတမန်ဆက်ဆံရေးစတင်ဖို့ ဘင်္ဂလားဒေ့ရှ်ကို လုံခြုံရေးကျွမ်းကျင်သူတွေ တိုက်တွန်း

RFA Burmese
2024.12.28
AA နဲ့ သံတမန်ဆက်ဆံရေးစတင်ဖို့ ဘင်္ဂလားဒေ့ရှ်ကို လုံခြုံရေးကျွမ်းကျင်သူတွေ တိုက်တွန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးလေ့လာရေးဌာန (BIPSS) ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း မူနီရူဇာမန်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Facebook/BIPSS

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် ကီလို ၂၇၀ ကျော်အပါအဝင် ရခိုင်ပြည်နယ် ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့ဆက်ဆံဖို့ လုံခြုံရေးကျွမ်းကျင်သူတွေ၊ သံတမန်ဟောင်းတွေနဲ့ ပညာရှင်တွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို ဒီဇင်ဘာလ ၂၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးလေ့လာရေးဌာန (BIPSS) ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း မူနီရူဇာမန် ဦးဆောင်တဲ့ ဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ ကာကွယ်ရေးသံမှူးဟောင်း၊ လစ်ဗျားနိုင်ငံ သံအမတ်ကြီးဟောင်းနဲ့ East-West University က လက်ထောက်ပါမောက္ခ Parvez Karmim Abbasi တို့ တက်ရောက်ခဲ့ကြတယ်လို့ ဒါကာကလာတဲ့ သတင်းက ဆိုပါတယ်။

AA နဲ့ သံတမန်နည်းအရ ထိတွေ့ဆက်ဆံဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊ ဒါပေမဲ့ စစ်ရေးရွေးချယ်မှုကိုတော့ ဖွင့်ထားသင့်ကြောင်း၊ AA လို အစိုးရမဟုတ်တဲ့ အဖွဲ့တစ်ခုနဲ့ တိုက်ရိုက်ဆက်သွယ်လို့ မရရင် ဆက်သွယ်လို့ရနိုင်မယ့် လမ်းကြောင်းအားလုံး ရှာဖွေသင့်ကြောင်းလည်း ပါမောက္ခ Abbasi က ပြောပါတယ်။

ရခိုင်ဒေသကို AA ရဲ့ထိန်းချုပ်မှုဟာ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ သောင်းကျန်းမှုအန္တရာယ် ပိုဆိုးလာနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်း ရှုပ်ထွေးတဲ့အခြေအနေကို ဖြေရှင်းဖို့ ရှင်းလင်းတဲ့ ဗျူဟာတစ်ခုချမှတ်သင့်တယ်လို့ ဗိုလ်မှူးချုပ် မူနီရူဇာမန်က ပြောပါတယ်။

အငြိမ်းစားဗိုလ်ချုပ် Haque က AA နဲ့ ထိတွေ့ဆက်ဆံမှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်တယ်လို့ သုံးသပ်ပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ ဩဇာကြီးထွားလာမှုနဲ့ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ဂယက်ရိုက်ခတ်ပြီး နေရပ်စွန့်ခွာတဲ့ ရိုဟင်ဂျာတွေ ထပ်မံဝင်ရောက်လာမှာကို ဘင်္ဂလားဒေ့ရှ်ဘက်က စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။