ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရ

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားခရိုင်အတွင်းက ပန်းဝါလို့ လူသိများတဲ့ ရာမူးမှာ မနေ့ညက သောင်းဂဏန်းရှိတဲ့ မူဆလင် အစွန်းရောက်တွေက အနည်းဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၀ ကျောင်းနဲ့ အိမ်အလုံးရေ ၄၀ နီးပါးလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

2012.09.30
muslim-burn-buddhist-temple-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ပန်းဝါ ခေါ် ရာမူးဒေသတွင် မူဆလင် အစွန်းရောက်များ၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို တွေ့ရစဉ်။
AFP

ပန်းဝါ ခေါ် ရာမူးဒေသမှာ မနေ့ည ၁၀ နာရီလောက်ကနေ မနက် ၃ နာရီကျော်လောက်အထိ မူဆလင် အစွန်းရောက် နှစ်သောင်းငါးထောင်လောက် ချီတက်ဆန္ဒပြကြရင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေကို မီးရှို့ခဲ့ကြတာပါ။

အဲဒီလို မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုမှာ အနည်းဆုံးလူပေါင်း ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှု စတင်ခဲ့တာက ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာ မီးလောင်ကျွမ်းနေတဲ့ ကိုရမ်ကျမ်းစာဓာတ်ပုံ တွေ့ရှိရာက စတင်ခဲ့တာလို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံက နာမည်ကြီး အင်္ဂလိပ်သတင်းစာ Daily Star အဆိုအရ ဆယ်ကျော်သက် လူငယ်တစ်ဦးက မီးလောင်ကျွမ်းနေတဲ့ ကိုရမ်ကျမ်းစာဓာတ်ပုံကို အမှတ်မထင် ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာပေါ် တင်လိုက်မိရာက အခုလို အကြမ်းဖက်မှုတွေ ဖြစ်စေခဲ့တာလို့ ရေးသားပါတယ်။

အခုတော့ အဲဒီလူငယ်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကို လည်း ပိတ်လိုက်ပြီး သူနဲ့ သူ့မိခင်ကိုလည်း ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေက လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ အေပီ သတင်းဌာနက ရေးသားပါတယ်။

ကော့ဘဇားခရိုင် ဒုတိယအကြီးအကဲ Jashim Uddin ပြောတာက ခရိုင်အတွင်းမှာ လူ ၄ ယောက်ထက် ပိုမစုရ အမိန့်ထုတ်ပြန်ထားလိုက်ပြီး ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့်တပ် အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အခင်းဖြစ်တဲ့နေရာတွေမှာ လုံခြုံရေးတိုးမြှင့် ချထားလိုက်တယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ အခြေအနေကို ထိန်းချုပ်ထားလိုက်နိုင်ပေမယ့် တင်းမာမှုတွေတော့ ရှိနေဆဲလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။