ဘန်းချောင်းစီမံကိန်းကို KNU သက်တမ်း ထပ်တိုးပေးမှာမဟုတ်
2018.05.27

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းလုပ်ကွက်ကို ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုသတ္တုတွင်းဌာနက သက်တမ်းထပ်တိုးပေးတော့မှာ မဟုတ်ကြောင်း စီမံကိန်းကို ကန့်ကွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေထံ စာပေးပို့လိုက်ပါတယ်။
အဲဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေကို ဆိုးကျိုးဖြစ်စေတာကြောင့် သက်တမ်း ထပ်မတိုးပေး တော့တာ ဖြစ်တယ်လို့ ကေအန်ယူရဲ့ အကြောင်းကြားစာထဲမှာပါရှိကြောင်း တာကပေါအဖွဲ့က နော်ပီသလော က ပြောပါတယ်။
"အဓိကကတော့ KNU သတ္တုတွင်းဌာနက ပဒိုစောကဲလယ်မူးကနေမှ ၂၈ ရက်နေ့မှာ ဖိတ်ထားတဲ့ KNU အနေနဲ့ အစည်းအဝေးကို မတက်ရောက်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ KNU အနေနဲ့ ဒါကို ဆက်ပြီးတော့မှ သတ္တုလုပ်ကိုင်ခွင့်ကို မပေးတော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီသတ္တုလုပ်ကွက်က ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ရွာသားတွေကို ဆိုးကျိုးရှိတဲ့အတွက် သူတို့အနေနဲ့ ဒီကုမ္ပဏီကို လုံး၀ သက်တမ်းတိုးပေးမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်း အစ်မတို့ဆီကို ပြန်တဲ့စာ"
ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေက KNU နဲ့ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးတို့နဲ့ မနက်ဖြန် နေပြည်တော် သတ္တုတွင်းဦးစီးဌာနရုံးမှာ တွေ့ဆုံစဉ် တောင်းဆိုဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
မနက်ဖြန်ကျင်းပမယ့် အဲဒီအစည်းအဝေးကို ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ မတက်ရောက်တော့ဘူးလို့လည်း သိရပါတယ်။
အဲဒီ ကျောက်မီးသွေးတွင်းက ထွက်လာတဲ့ရေဆိုးတွေ၊ မီးခိုးငွေ့တွေကြောင့် ကျေးရွာပေါင်း ၂၂ ရွာက ဒေသခံတွေ ကျန်းမာရေးထိခိုက်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေလည်း ဖြစ်ပေါ်နေတယ်လို့ နော်ပီသလောက ပြောပါတယ်။
ဘန်းချောင်းစီမံကိန်းကို ၂၀၁၂ ခုနှစ်မှာ မေဖလားဝါး မိုင်းနင်းကုမ္ပဏီက စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာယီရပ်ဆိုင်းထားခဲ့ပေမယ့် အဲဒီစီမံကိန်းကြောင့် ကျောက်မီးသွေးတွေ မီးလောင်တာ၊ အနံ့ဆိုးထွက်တာတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် သက်တမ်းထပ်တိုးမပေးဖို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေတာဖြစ်ပါတယ်။
အဲဒီ စီမံကိန်းဟာ ကေအန်ယူ သတ္တုတွင်းဌာန ခွင့်ပြုချက်၊ အစိုးရရဲ့ သတ္တုတွင်းဦးစီးဌာန ခွင့်ပြုချက်တို့နဲ့ လုပ်ကိုင်တာဖြစ်တယ်လို့ သိရပါတယ်။