အတိုက်အခံတွေကို နေရာပေးဖို့ မစ္စတာဘန်ကီမွန်း မေတ္တာရပ်ခံ

မြန်မာနိုင်ငံမှာ အခု ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကနေ ပေါ်ထွက်လာမယ့် အစိုးရအဖွဲ့သစ်အနေနဲ့ အတိုက်အခံ ပါတီကိုယ်စားလှယ်တွေကို ပိုမို နေရာပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

2011.02.05
ban_ki-moon_asia_trip_305_z.png ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းပုံ
Photo: AFP

မစ္စတာဘန်ကီမွန်းက အစိုးရသစ်မှာ နိုင်ငံရေးပါတီ အားလုံးကို ကိုယ်စားပြုတဲ့ အရပ်သားများ ပိုမို ပါဝင်ခွင့်ရပြီး ပြည်သူလူထုရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ကြောင်း၊ မြန်မာ့နိုင်ငံရေးဟာ မူလ အခြေအနေကနေ တိုးတက်မယ့် အပြောင်းအလဲ အစပျိုးပြီလို့ မှတ်ယူပါကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲအဖြစ် အနောက်နိုင်ငံတွေက ဝေဖန်ခဲ့ပါတယ်။ အခု သမ္မတအဖြစ် အရွေးချယ်ခံရတဲ့ ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲမှာ မသမာမှုတွေ ကျူးလွန်ခဲ့တယ်လို့ အဝေဖန်ခံနေရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ စစ်အစိုးရရဲ့ ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်ပြီး မကြာသေးခင်ကမှ အရပ်သားအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။