လယ်သမားအဖြစ် ခံယူထားကြောင်း သမ္မတဟောင်း ဦးသိန်းစိန်ပြော
2017.10.11
ရခိုင်အရေးနဲ့ပတ်သက်ပြီး လက်ရှိအစိုးရက ကြိုးစားဆောင်ရွက်နေပြီး သမ္မတဟောင်းအဖြစ် မသတ်မှတ်ဘဲ လယ်သမားအဖြစ် ခံယူထားတဲ့အတွက် သူ့အနေနဲ့ အကြံပြုပြောစရာမရှိဘူးလို့ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် က ပြောပါတယ်။
နေပြည်တော်က “ဒို့သမ္မတ”တက္ကသိုလ်ဝင်တန်း (အခမဲ့) ပညာရေးကူညီမှုသင်တန်းကျောင်းမှာ ကျင်းပတဲ့ သမ္မတဟောင်း ဦးသိန်းစိန် ကန်တော့ပွဲ တက်ရောက်လာစဉ် သတင်းမီဒီယာသမားတွေက လက်ရှိရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး အကြံပြုချင်တာ ရှိမရှိ မေးမြန်းရာမှာ ပြောခဲ့တာဖြစ်ပါတယ်။
“ဒို့သမ္မတ” တက္ကသိုလ်ဝင်တန်း (အခမဲ့) ပညာရေးကူညီမှုသင်တန်းကျောင်းကို သမ္မတဟောင်း ဦးသိန်းစိန်ကို ချစ်ခင်မြတ်နိုးသူတွေက စုပေါင်းတည်ထောင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
သမ္မတဟောင်းဦးသိန်းစိန်က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်တွေ သဟဇာတဖြစ်ဖို့လိုသလို မဲဆန္ဒရှင်တွေကလည်း မိမိတို့ ယုံကြည်အားကိုးလေးစားသူတွေကို ရွေးချယ်ပေးဖို့ လိုတယ်လို့ တက်ရောက်လာ သူတွေကို ပြောခဲ့ပါတယ်။