ကျစ်လစ်ခိုင်မာတဲ့ ပါတီပြန်လည် ဖွဲ့ရေး ဦးသိန်းစိန် ပြောကြား


2016.05.23
ukhinyee-620.jpg ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီကို မေလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/ RFA

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ကျစ်လစ်ခိုင်မာတဲ့ ပါတီဖွဲ့စည်းရေးလုပ်ငန်းတွေလုပ်ပြီး ပြန်လည် တည်ဆောက်သွားဖို့နဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်မူတွေလုပ်သွားဖို့ ပါတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတဟောင်း ဦးသိနိးစိန် က ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ပါတီဥက္ကဋ္ဌ သမ္မဟောင်းဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်တွေ တွေ့ဆုံပွဲမှာ အခုလိုပြောသွားတာဖြစ်ကြောင်း ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးခင်ရီက ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့ပါတီနဲ့ ပတ်သက်ပြီးတော့ ကျစ်လစ်ခိုင်မာအားရှိတဲ့ ပါတီပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းတွေမှာ အဆင့်စုံကနေအားတတ်စွာနဲ့ ပါဝင် ကြဖို့၊ နောက်ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်၊ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို မူတည်ပြီးတော့ ပြင်ရဆင်ရမယ့်အချက်တွေ အကောင်းဆုံးပြင်ဆင်သွားဖို့ ပါတီတစ်ခုဆိုတာ နိုင်ငံတော်ကို အလုပ်ကျွေးပြုမယ့် ပါတီဖြစ်ဖို့၊ မှန်ကန်တဲ့ပါတီဖြစ်ဖို့ အဲ့ကိစ္စတွေကို လမ်းညွှန်ပြောကြားတဲ့ သဘောဖြစ်ပါတယ်၊ ကျနော်တို့ပါတီ ပိုင်းက ပြင်ဆင်စရာရှိပါတယ်၊ ဘာလဲဆိုတော့ ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် ကျစ်ကျစ်လစ်လစ်ဖြစ်ဖို့ ပြန်လည်စုဖွဲ့တဲ့လုပ် ငန်းစဉ်တွေလုပ်နေပါတယ်"

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးရှိဖို့ဟာ NLD ဦးဆောင်တဲ့ အစိုးရအတွက် အရေးအကြီးဆုံးစိန်ခေါ် မူဖြစ်တယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ လက်ရှိအစိုးရနဲ့ တူညီတဲ့အချက်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဦးခင်ရီ က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲပေးသူ ၇ သန်းခန့်ရှိခဲ့တာကြောင့် အဲဒီလို ထောက်ခံသူတွေ အတွက် နောက်တစ် ကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရအောင်ပြန်ကြိုးစားဖို့လိုကြောင်းနဲ့ ပြိုင်ဘက် NLD ပါတီရဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံလှိုင်းဟာ လူအများစုကို လွှမ်းမိုးသွားတယ်လို့ ယူဆကြောင်း ဦးခင်ရီက ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲတွေမှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီအောင်နိုင်ရေးနဲ့ ပြည်သူချစ်ခင်အားထားတဲ့ ပါတီဖြစ်ရေး ရည်မှန်းဆောင်ရွက်သွားမယ်လို့ ဦးခင်ရီက ပြောပါ တယ်။

ဒါ့အပြင် ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံကို လာမယ့်သြဂုတ်လ မှာ ကျင်းပဖို့ရှိပြီး လက်ရှိမှာ ရပ်ကျေး၊မြို့နယ်၊ခရိုင် တိုင်းအဆင့် အစည်းအဝေးတွေ ပြုလုပ်သွား မှာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲကို ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ၊ ရန်ကုန်တိုင်းဒေသ ကြီး က ပါတီဝင်တွေ တက်ရောက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။