သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ ဇနီး ထောင် ၁၀ နှစ်ချခံရ

2022.08.19
သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ ဇနီး ထောင် ၁၀ နှစ်ချခံရ Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေနဲ့ ဇနီး မဝေဝေလွင် ကို တွေ့ရစဉ်
Photo: Citizen Journalist
အဖမ်းဆီးခံ Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ ဇနီးဖြစ်သူ မဝေဝေလွင်ကို ဩဂုတ်လ ၁၉ ရက် ဒီနေ့မှာ သာယာဝတီထောင်တွင်း တရားရုံးကနေ ထောင် ၁၀ နှစ် ချမှတ် လိုက်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
မဝေဝေလွင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ကိုးလနီးပါးအကြာ အဖမ်းဆီးခံ အခြေအနေနဲ့ တရားရင်ဆိုင်ရပြီးနောက် အမိန့်ချမှတ်ခဲ့တာပါ။
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုငြိမ်းချမ်းဝေ ရုံးထုတ်လာတာကို ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးနေတုန်း ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
"သူတို့ဘာသာ သူတို့ ဖုန်းကို ဆွဲလုသွားပြီး အမှုဆင်ဖမ်းတာပါ။ ဒီနေ့ ၁၀ နှစ် အမိန့်ချ လိုက်တယ်။ ဘာမှ ကျေနပ်စရာကို မရှိဘူး။ ကျမတို့လည်း ဒုက္ခရောက်ပါတယ်။ သမီး ဒီလိုဖြစ်ရတဲ့အတွက်လည်း အရမ်းစိတ်မကောင်း ခံပြင်းမိတယ်။ မိသားစုတွေနဲ့ တွေ့ခွင့် လည်း မရတော့ ပိုစိတ်ပူရတယ်"
 
မဝေဝေလွင်နဲ့အတူ သာယာဝတီထောင်ထဲကို ရောက်သွားတဲ့ နှစ်နှစ်နဲ့ ရှစ်လအရွယ် သမီးဖြစ်သူကိုတော့ ထောင်ထဲရောက်ပြီး နှစ်လအကြာမှာ ပြန်လည် ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ခင်ပွန်းဖြစ်သူ ကိုငြိမ်းချမ်းဝေကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ထောင်သုံးနှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၄ (ဂ) နဲ့ ထောင်ဒဏ် ရှစ်နှစ်၊ ဒဏ်ငွေကျပ်တစ်သောင်းမပေးတဲ့ ထောင်ဒဏ်သုံးလ စုစုပေါင်း ၁၁ နှစ်နဲ့ သုံးလ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ မိသားစုဝင် တွေက ပြောပါတယ်။
 
စစ်အာဏာသိမ်းထားတဲ့ ၁၈ လကျော်အတွင်းမှာ နိုင်ငံတစ်ဝန်းက ပြည်သူ ၁၂,၀၅၆ ဦး ဖမ်းဆီးခံထားရပြီး၊ ၁,၃၉၆ ဦး ထောင်ချခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန် ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။