လက်နက်ကြီးကြောင့် ကျောက်ကြီး ဒေသခံ သုံးထောင်ကျော်ထွက်ပြေး
2023.03.07

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကျေးရွာတွေ ဘက်ကို ပစ်ခတ်တာကြောင့် ရွာခြောက်ရွာက အရပ်သား ၃၁၇၄ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက မတ်လ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ် ခေါ် လယ်ဒိုမြို့နယ်က ကျီးပင်စုရွာ၊ လိန်ပင်ဝဲရွာ၊ သစ်ဖရောင်းတန်းရွာ၊ ဝဲမှူးရွာ၊ ကျည်စုရွာနဲ့ အလယ်ကျွန်းရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပိန်းဇလုပ်မြို့ အခြေစိုက် ခမရ - ၂၆၄ ဟာ စစ်တောင်းမြစ် အနောက်ဘက်ကမ်းက ခင်ကန့်လန့်ရွာ၊ ရေတွင်းကုန်းရွာနဲ့ အင်းပရိရွာတွေမှာ တပ်စွဲထားပါတယ်။ အဲဒီရွာတွေကနေ ဖေဖော်ဝါရီလ ၂၇ ရက်ညပိုင်းကစလို့ မြစ်အရှေ့ဘက်ကမ်းရွာတွေဆီ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာလို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရပ်သားထိခိုက်မှု မရှိပေမယ့် လက်နက်ကြီးထိမှန်တဲ့အတွက် လူနေအိမ်ငါးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေအကြား တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပါတယ်။