ထားဝယ် မြို့သစ်စီမံကိန်းမြေ တင်းမာမှု ဖြစ်ပွား
2014.06.02

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ တိုးချဲ့မြို့သစ် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးက လျော်ကြေး အနေနဲ့ မြေကွက်တွေ သတ်မှတ်ပေးတဲ့အပေါ် လယ်သမားတော်တော်များများက လက်မခံဘဲ တားမြစ် ခဲ့တဲ့အတွက် မနေ့က တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
သိမ်းဆည်းခံထားရတဲ့ လယ်တွေမှာ အကွက်ရိုက်တာ ကို လက်မခံတဲ့အတွက် လယ်သမား ၂၀လောက်က လယ်တွေထဲမှာ တဲထိုးပြီး မနေ့ကတည်းက စောင့်နေ ကြတယ်လို့ လယ်သမား ကိုထွန်းထွန်းဝင်း က ပြောပါတယ်။
"အခုလယ်သမား ၂ဝ လောက်ရှိတယ်ခင်ဗျ၊ လယ်ထဲ မှာ လယ်သမားမရှိရင် သူတို့အတင်းဝင်သိမ်းမှာစိုးလို့ ကျနော်တို့ကစောင့်နေရတာ၊ ဘာဖြစ်လို့လဲဆိုတော့ လယ်သမားမရှိရင် တိုင်စိုက်ပြီးတော့ မကျူးကျော်ရတွေ ဘာတွေလုပ်မှာ၊ ရှေ့မှာဒီလိုပဲလုပ်သွားတယ် သူတို့က လယ်သမားမရှိခင် လာစိုက်တယ်၊ မကျူးကျော်ရတွေ ဘာတွေနဲ့ ခြိမ်းခြောက်တယ်"
ပြီးခဲ့တဲ့နှစ်က သိမ်းခံထားရတဲ့လယ်တွေအတွက် ၃ ဧကကို ပေ ၄၀ ပေ ၆၀ မြေကွက် တစ်ကွက်နှုန်း နဲ့ လျော်ကြေးပေးဖို့ ညှိနှိုင်းရာ လယ်သမား ၅၀ လောက်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။ လျော်ကြေးကိုလက်ခံတဲ့ လယ်သမား ၇ ဦးအတွက် ရဲတွေနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတွေဟာ မနေ့က မြေကွက်ရိုက်ပေး ရင်း လျော်ကြေးလက်မခံထားတဲ့ လယ်မြေတွေအတွက်ပါ မြေကွက်တွေ ရိုက်ပေးတာကြောင့် အခြေအနေတွေ တင်းမာခဲ့တာဖြစ်ပါတယ်။
အဲ့ဒီသိမ်းထားတဲ့ လယ်မြေဧက ၅၀၀ ထဲက ဧက ၂၀၀ကျော်မှာ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးခန်း၊ တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ ဝန်ထမ်းတွေအတွက် အိမ်ရာတွေနဲ့ ပုဂ္ဂလိကဆေးရုံ တစ်ရုံ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။