ရွှေပြည်သာ အလုပ်သမားတွေ တရားဝင်ဆန္ဒပြခွင့် ငြင်းပယ်ခံရ
2015.02.27

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်က Eland Myanmar စက်ရုံရှေ့မှာ တစ်လနီးပါးကြာ သပိတ် စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေက တရားဝင်ဆန္ဒပြခွင့်ရဖို့ ခွင့်ပြုချက်တောင်းရာ မှာ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့က ငြင်းပယ် လိုက်ပါတယ်။
အလုပ်သမားတွေက Eland Myanmar စက်ရုံဘေးမှာ မနက်ဖြန်ကစပြီး မတ်လ ၃ ရက်နေ့အထိ ဆန္ဒပြ ခွင့်ပေးဖို့ တောင်းဆိုတာလို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ ကိုသူဇော်ကြည်ဝင်းက ပြော ပါတယ်။
"ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးကနေ ပြီးတော့ ကျနော်တို့ အလုပ်သမားတွေဘက် ကနေပြီးတော့ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့အညီ ဘာညာတင်တင်မယ်ဆိုရင် သူ့အနေနဲ့ ချက်ချင်းပေးနိုင်ပါတယ်ဆိုတဲ့ ကတိကဝတ်ရှိတယ်ပေါ့နော်၊ အဲ့ဒီကတိကဝတ်ကြောင့် ကျနော်တို့ ဒီကနေ့မှာ မနက်ဖြန်ကစပြီးတော့ ၃ ရက်နေ့အထိကို ခွင့်ပြုမိန့်ရဖို့အတွက် ကျနော်တို့ သွားတင်ခဲ့တယ်၊ ဒါပေမယ့် ၃ ရက်နေ့ပြည့်သွားလို့ရှိရင် ကျနော်တို့ အဆင်မပြေသေးဘူးဆိုရင် နောက်ထပ် ထပ်တင် မယ်ပေါ့နော်၊ အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ ကျနော်တို့ သွားတင်တယ်၊ ဒါပေမယ့် ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူးက ဒါဟာဥပဒေနဲ့ မညီတဲ့အတွက်ကြောင့်မို့လို့ ခွင့်မပြုနိုင်ပါဘူး၊ ခွင့်ပြုမိန့်ကို လက်မခံနိုင် ပါဘူးဆိုပြီး ကျနော်တို့ကို ပယ်လိုက်တယ်"
အဲ့ဒီ အလုပ်သမားသပိတ်စခန်းဟာ ခွင့်ပြုချက်ရယူပြီး ဆန္ဒပြနေတာမဟုတ်တဲ့အတွက် ဥပဒေပြင်ပက အကြမ်း ဖက်တောင်းဆိုမှုတွေကို အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာ ထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၃ ဦးကို ပြန်လွှတ်ပေးဖို့နဲ့ အခြေခံလုပ်ခလစာ တစ်လ ကျပ် ၃ သောင်း တိုးပေးဖို့အတွက် အလုပ်သမားတွေက တရားဝင်ဆန္ဒပြခွင့် တင်တာဖြစ်ပါတယ်။
ဒီလ ၂ဝ ရက်နေ့က အလုပ်သမားသပိတ်စခန်း ဖယ်ရှားခံရပြီး အလုပ်သမား ၂ဝ လောက်နဲ့ ရဲတပ်ဖဲ့ွ ၁ဝ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။