ပုဒ်မ ၁၈ ဖျက်သိမ်းရေး လွတ်လပ်ရေးနေ့ ဆန္ဒပြခွင့် အာဏာပိုင်တွေပယ်ချ
2013.12.28

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) ကို ဖျက်သိမ်းပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရန်ကုန်နဲ့ မကွေးမြို့တွေမှာ ဆန္ဒပြခွင့် လျှောက်ထားတာကို ရန်ကုန် ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွေက ဒီကနေ့ ပယ်ချခဲ့ပါတယ်။
ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့ ဆန္ဒပြခွင့်ကို မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပယ်ချခဲ့တာကြောင့် မကွေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှာ ဆန္ဒပြခွင့် ထပ်မံလျှောက်ထားကြောင်း မကွေးမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဌေးဝင်းက RFA ကို ပြောပါတယ်။
"ကျနော်တို့က ဒီပုဒ်မ ၁၈ ပယ်ဖျက်ရေးနဲ့ နိုင်/ကျဉ်း အကျဉ်းသားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့ အဲဒါတွေကို ထုတ်ဖော်ဖို့တင်တာပါ၊ ဘာကြောင့်ပယ်ရသလဲဆိုတော့ ကျနော်တို့က ၄ ရက်နေ့တင်တာကိုး၊ ဗိုလ်ချုပ်ပန်းခြံက အများပြည်သူအပန်းဖြေရာ နေရာဖြစ်တဲ့အတွက် ဒီနေရာမှာလုပ်ခွင့်မပေးတာရယ်၊ အများပြည်သူတွေ သွားလာနေတဲ့အတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ပဲဖြစ်ပါတယ်၊ ကျနော်တို့ကို အယူခံဝင်ခွင့်တော့ပေးထားတယ်၊ အဲဒါ တိုင်းကိုဆက်တင်မယ်"
အလားတူ ဇန်နဝါရီလ ၄ ရက်နေ့မှာပဲ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့အတွက် လျှောက်ထားမှုကိုလည်း ကျောက်တံတားမြို့နယ် ရဲစခန်းက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြခွင့်လျှောက်ထားတဲ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ဟာ နိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် ဆန္ဒပြခွင့်ကို ငြင်းပယ်ရတာဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွေက ပြန်လည်ပေးပို့တဲ့ အကြောင်းကြားစာမှာ ဖေါ်ပြထားပါတယ်။
ဆန္ဒပြသူတွေဟာ ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့အပြင် အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုသွားမယ်လို့ ဆန္ဒပြခွင့် လျှောက်ထားသူတွေက ပြောပါတယ်။