မြန်မာ့ပညာရေးအတွက် သြစတြေးလျက ဒေါ်လာ ၁၂ သန်း ထပ်မံကူညီမည်
2016.08.02

မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ သဘာဝဘေးအတွက် သြစတြေးလျနိုင်ငံက နောက်ထပ် အမေရိကန် ဒေါ်လာ ၁၂ သန်း တိုးမြှင့်ကူညီမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ကြေညာ ခဲ့တဲ့အပေါ် ကလေးသူငယ် ကူညီကယ်ဆယ်ရေး Save the Children အဖွဲ့က ကြိုဆိုလိုက်ပါတယ်။
သြစတြေးလျအစိုးရက ၂၀၁၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးပေးနေရာ မှာ၊ အခု ဒေါ်လာ ၁၂ သန်းထပ်ပေးမှာဖြစ်တဲ့ အတွက် စုစုပေါင်း ကူညီငွေ ဒေါ်လာ ၆၅ သန်း ရှိပြီ ဖြစ်ပါတယ်။
အခုပေးမယ့် ဒေါ်လာ ၁၂ သန်းဟာ မြန်မာနိုင်ငံတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ နေရာရွှေ့ပြောင်းနေကြရ၊ ခိုလှုံနေ ကြရတဲ့ကလေးတွေရဲ့ ပညာရေး၊ သဘာဝဘေးဒဏ် ကြိုတင်ပြင်ဆင်ရေး၊ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အပေါ် ဝန်ဆောင်မှုပေးရေး တွေအပေါ် သီးသန့်ဦးတည်စူးစိုက်ပြီး ပေးတဲ့ အကူအညီဖြစ်တယ်လို့ သြစတြေးလျ Save the Children အဖွဲ့က ပြောပါတယ်။ ဒါ့ပြင် အခု သြစတြေးလျရဲ့ ပညာရေး အကူအညီဟာ Save the Children အဖွဲ့ရဲ့ "ဘယ်ကလေးမှ စာသင်ကျောင်းနဲ့ ရက် ၃၀ ကျော် မကင်းကွာစေရ" ဆိုတဲ့ ရည်မှန်းချက်ကို အထောင်အကူပြုမှာဖြစ် ကြောင်းလည်းပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေနဲ့ အတူ ဘာသာလူမျိုးပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေသူပေါင်း တစ်သန်းဝန်းကျင်ရှိတယ် လို့ ကုလသမဂ္ဂက ခန့်မှန်းထား ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ သဘာဝဘေးဒဏ်တွေရဲ့ အကျိုးဆက်တွေကို ခံစားနေရဆဲဖြစ်တဲ့ ပြည် သူတွေ ထောင်နဲ့ချီပြီးရှိနေသေးတယ် လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။