အောင်စိုးမိုးကျော် ၂ အမြန်ရေယာဉ်မောင်း ထောင် ၁၀နှစ်ချ
2018.06.29

ခရီးသည် အယောက် ၇၀ ကျော် သေဆုံးခဲ့တဲ့ အောင်စိုးမိုးကျော် ၂ အမြန်ရေယာဉ်မောင်းကို လူသေမှုပုဒ်မ ၃၀၄ (က) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံဖို့ ယင်းမာပင်ခရိုင်တရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။
အဲ့ဒီရေယာဉ်မှောက်တာနဲ့ ပတ်သက်ပြီး ရေယာဉ်ပိုင်ရှင် ၂ ယောက်ဟာလည်း ကနီမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။
"၃၀၄ ( က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချလိုက်တာဗျ။ ယာဉ်မောင်းကိုချတာခင်ဗျ၊ ယာဉ်ပိုင်ရှင် ၂ ဦးကတော့ ပြည်တွင်းရေကြောင်းဥပဒေနဲ့ ကနီမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေဆဲပဲ။ တရားရုံးက သူ့လုပ်ထုံးလုပ်နည်း ဥပဒေအတိုင်းလုပ်သွားတယ်လို့ ကျနော်ထင်ပါတယ်။"
အဲဒီရေယာဉ်မှောက်လို့ လူသေဆုံးခဲ့ရတာကြောင့် ရေယာဉ်မောင်း၊ ရေယာဉ်ပိုင်ရှင်နဲ့အတူ ရေယာဉ်လုပ်သား ၃ယောက်တို့ကိုလည်း တရားစွဲဆိုထားပါတယ်။
အောင်စိုးမိုးကျော် ရေယာဉ်တိမ်းမှောက်ပြီးနောက်ပိုင်း ၂ လခန့်အကြာမှာ ရေယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေပြဌာန်းခဲ့ပြီး ရေယာဉ်ပြေးဆွဲချိန်၊ စနစ်တကျ သွားလာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။
အခုအချိန်မှာတော့ ချင်းတွင်းမြစ်မှာ ပြေးဆွဲနေတဲ့ ရေယာဉ်တိုင်းကို ပြည်တွင်းရေကြောင်းဥပဒေအရ ကြပ်ကြပ်မတ်မတ် စစ်ဆေးနေတယ်လို့လည်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
လူဦးရေ ၃၀၀ ကျော်နဲ့ ဆိုင်ကယ် အစီး ၂၀ လောက် တင်ဆောင်ပြီး ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ပြေးဆွဲတဲ့ အောင်စိုးမိုးကျော် ရေယာဉ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်တုန်းက ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာနားမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသူကျောင်းသားတွေ အပါအဝင် ခရီးသည် အယောက် ၇၀ ကျော် သေဆုံးခဲ့တာဖြစ်ပါတယ်။