ရေယာဉ်နစ်မြုပ်မှုကြောင့် သေ ဆုံးသူ ၇ဝ ကျော်ရှိပြီ


2016.10.20
aungsoemoekyaw-boat-620.jpg စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းရွာအနီးမှာ မြုပ်သွားတဲ့ အောင်စိုးမိုးကျော်ရေယာဉ် ပြန်လည်ဆယ်ယူနေတာ ကို အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Myanmar Fire Services Department (Facebook)

စစ်ကိုင်းတိုင်း ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် ရေယာဉ်ကို ဒီနေ့မှာ အပြီးသတ်ဆယ်ယူနိုင်ခဲ့ပြီး နစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေ ၇၂ ဦး ရှိလာပါတယ်။

ခရီးသည်တွေပြောပြချက် စာရင်းအရ အသက်ရှင်သူနဲ့ သေဆုံးသူ စာရင်းတွေပေါင်းရင် ကိုက်ညီမှု မရှိသေးဘဲ လူဦးရေ ၅ဝ ဝန်းကျင်လောက် ပျောက်ဆုံးနေတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

"ခရီးသည်တွေခန့်မှန်းတာက သူတို့ ၃ဝဝ နဲ့အထက် ပါလာမယ်၊ ပါလာတယ်လို့ ခန့်မှန်းတာပေါ့၊ အခုလောလော ဆယ် အသက်ရှင်ရရှိတာ ၁၅၉ ယောက်၊ အလောင်းတွေ့တာက ၇၂ ယောက်၊ ကွာနေတာကခန့်မှန်း ၄ဝ၊ ၅ဝ လောက် ကွာနေတာ၊ သူတို့ပြောအရဆို ပျောက်ဆုံးစာရင်းထဲ ထည့်ရမှာပေါ့ဗျာ"

နစ်မြုပ်နေတဲ့ ရေယာဉ်ကို ကရိန်းစက်သုံးလုံးနဲ့ အောက်တိုဘာ ၁၇ ရက်နေ့က စတင် ဆယ်ယူနေတာဖြစ် ပြီး ဒီနေ့နေ့လည် ၂ နာရီဝန်းကျင်မှာ ရေယာဉ်အတွင်းက ရုပ်အလောင်းတွေနဲ့ ရွှေတစ်ပိဿာနီးပါး၊ ငွေကျပ် သိန်း ၁ဝဝ နီးပါးကို အပြီးသတ် ဆယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေကို ဆယ်ယူရရှိတဲ့အထဲမှာ အမျိုးသား ၁၄ ဦး အမျိုးသမီး ၅၃ ဦးပါရှိပြီး ရေထဲမျှောသွားတဲ့ အလောင်း ၅ လောင်းရှိတယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မနက်က ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ပြေးဆွဲတဲ့ အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်ခဲ့တာဖြစ်ပြီး ရေယာဉ်ပေါ်မှာ လူဦးရေ ၃ဝဝ ကျော်နဲ့ ဆိုင်ကယ် အစီး၂ဝ နီးပါး တင်ဆောင်လာခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။