ကိုအောင်ကိုထွေးကို တရားရှင် လွှတ်ပေးဖို့ ရှေ့နေ လျှောက်လဲချက်တင်


2018.08.28
aungkohtwe-622 ကိုအောင်ကိုထွေး ကို ၂၀၁၈ ခုနှစ် သြဂုတ် ၂၈ ရက်နေ့က အချုပ်ကားပေါ်မှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၇ နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို တရားရှင်လွှတ်ပေးဖို့ ရှေ့နေဖြစ်သူက တရားရုံးထံ ဒီနေ့ လျှောက်လဲချက် တင်လိုက်ပါတယ်။

တရားလိုဘက်က ကိုအောင်ကိုထွေး ဒီပုဒ်မနဲ့ ငြိစွန်းတယ်ဆိုတဲ့ သက်သေတင်ပြနိုင်ခြင်းမရှိဘူးလို့ တရားစွဲဆိုခံရသူ ရဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

"တရားရှင်လွှတ်ပေးဖို့ ပြောတယ်ဆိုတာက ကျနော်တို့ လူက ဖြေရှင်းရလောက်အောင် ငြိစွန်းတဲ့ အချက်မရှိဘူး။ တဖက်က ပညာရှိ ဥပဒေအရာရှိက ပြောတာက ကျနော်တို့ဘက်က မဟုတ်ပါဘူး။ မလုပ်ပါဘူးဆိုပြီး ငြင်းသွားတဲ့ အချက်မရှိဘူးတဲ့။ ကျနော်တို့က ငြင်းစရာမလိုဘူး။ သူတို့ဘက်က သက်သေမပြနိုင်တော့တဲ့အတွက် တရားရှင် လွှတ်ပေးပါလို့ လျှောက်ထားတင်ပြခြင်း ဖြစ်ပါတယ်။ လွှတ်လည်း လွှတ်ထိုက်ပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို ရုံးထုတ်လာစဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့နင်းခဲ့တယ်ဆိုပြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူး မောင်မောင် က နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၇ နဲ့ ဇန်နဝါရီလ ၂၂ရက်နေ့က တရားလိုလုပ်ပြီး တရားစွဲခဲ့တာပါ။

၅ ရက်ကြာပြီးမှ အမှုဖွင့်တာကြောင့် ရဲလက်စွဲဥပဒေနဲ့ မကိုက်ညီဘဲ အမှုထိန်ချန်မှု မြောက်ကြောင်း၊ သက်သေတွေ ကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်နိုင်ကြောင်း ဦးရောဘတ်စန်းအောင်က တင်ပြခဲ့ပါတယ်။

ကိုအောင်ကိုထွေးကို လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ တရားရုံးဘက်က အမှုကို စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။