ကိုအောင်ကိုထွေး အမှုကို ရုံးပြောင်းစစ်ဆေးဖို့ ဆုံးဖြတ်
2018.06.26
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) အမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို လာမယ့် ဇွန်လ ၂၉ရက်နေ့ကစပြီး ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ရုံးပြောင်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အရှေ့ပိုင်းခရိုင်တရားရုံးက ရုံးပြောင်းစစ်ဆေးခွင့်အမိန့်ကို ဒီနေ့ချပေးခဲ့တာဖြစ်တယ်လို့ ကိုအောင်ကိုထွေး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
“ဒုတိယ ခရိုင်တရားသူကြီး ၄ ဦးမိုးကျော် ကနေပြီးတော့မှ ဗိုလ်တထောင်မြို့နယ်တရားရုံး ကို ပြောင်းရွှေ့ပေးလိုက်တယ်။ ဗိုလ်တထောင်တရားရုံးကလည်းပဲ ကောင်းပါတယ်။ ကျနော်တို့ သိရသလောက်က ဒီအမှုနဲ့ ပတ်သက်ရင် သူကအစိမ်းသက်သက်ဆိုတော့ အစွဲအလမ်းမရှိဘူးပေါ့။ အဲဒါကြောင့်မို့ ကျနော်တို့ကတော့ ဒီဗိုလ်တထောင်မြို့နယ်တရားရုံးကို ရောက်တာကိုတော့ ကြိုဆိုပါတယ်။”
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူးမောင်မောင်က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
လက်ရှိစစ်ဆေးနေတဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ် တရားသူကြီး ဦးချစ်ကိုကိုဟာ ကိုအောင်ကိုထွေးကို တရားရုံး မထီမဲ့မြင်မှု ပုဒ်မ ၂၂၈နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ထားတာရှိသလို ကိုအောင်ကိုထွေးနဲ့ တရားသူကြီးကြား မပြေလည်မှုတွေကြောင့် ပုဒ်မ ၇ အမှုမှာ တရားမျှတမှုရနိုင်အောင် မိသားစုဝင်တွေက ရုံးပြောင်းလျှောက်ထားခဲ့ တာဖြစ်ပါတယ်။
ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို သတင်းမီဒီယာကို ဖြေကြားခဲ့တာကြောင့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခဲ့တာပါ။ အဲဒီအမှုကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကို က ပြစ်မှုထင်ရှားတယ်ဆိုပြီး အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မကို စစ်ဆေးနေစဉ်မှာပဲ ကိုအောင်ကိုထွေးက တရားရုံးကို အယုံအကြည် မရှိကြောင်းနဲ့ တရားသူကြီးကို ဆဲဆိုခဲ့တာကြောင့် မြို့နယ်တရားသူကြီး ဦးချစ်ကိုကို က တရားလိုလုပ်ပြီး တရားရုံး မထီမဲ့မြင်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အဲဒီအမှုကိုတော့ ဒုတိယမြို့နယ်တရားသူကြီး(၁)ဒေါ်ထက်ထက်အောင် က အမြင့်ဆုံး ပြစ်ဒဏ်ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။
လက်ရှိ ရင်ဆိုင်နေရတဲ့ ပုဒ်မ ၇ အမှုဟာ ကိုအောင်ကိုထွေးက ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူးမောင်မောင်က တရားလိုပြုလုပ်တရားစွဲဆို ထားတာ ဖြစ်ပါတယ်။
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာ ၁၀ လခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။