ကလေးစစ်သားဟောင်းရဲ့ အစ်မဖြစ်သူ သတင်းစာရှင်းလင်း


2018.03.29
aungkohtwe-arrest-press-622.jpg ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းယာယီမှာ ၂ဝ၁၈ ခုနှစ် မတ်လ ၂၉ ရက်နေ့က ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းစဉ်
Photo: Aung Thain Kha/RFA

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးနဲ့ သူ့ကိုစွဲဆိုထားတဲ့အမှုတွေ များနေတာနဲ့ ပတ်သက် ပြီး နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် သိစေလိုကြောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မသိင်္ဂီထွန်းက ပြောပါတယ်။

အစ်မဖြစ်သူ မသိင်္ဂီထွန်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းယာယီမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"သူတို့ဘက်မှာကျတော့အမှုတွေ ကြိုက်သလောက်တပ်လို့ရတယ်၊ ညီမတို့မှာကျတော့ ပြည်သူဘက်ကို ကာကွယ် ဖို့ဆိုတဲ့ အမှုမရှိတော့ဘူးလား၊ မနေ့ကဆိုရင် ခရိုင်ရုံးထိ ညီမတို့ တက်တယ်၊ ခရိုင်ရုံးထိ ညီမတို့တိုင်တယ်၊ ညီမတို့ အဲခရိုင်ရုံး အပေါက်ဝကို ရောက်တဲ့အချိန်ပဲရှိသေးတယ် တောင်ဒဂုံကလားဆိုပြီးတော့ မေးတယ်၊ အဲဒီအချိန်ကတည်းကိုက ညီမတို့ကသိပြီ လုံးဝမဖွင့်ပေးဘူး၊  ဒဂုံတောင်လည်းသွားတယ် အကုန်သွားတယ်၊ ဒါညီမတို့ခံစားနေရတဲ့ ခံစားချက်လား၊ ညီမ အခုတက်လာတဲ့ သမ္မတကြီးကိုလည်း ညီမပြောချင်ပါတယ်၊ ညီမမောင်လေးကို ကူညီပေးပါ အားကိုးပါတယ်၊ ဒီလိုမျိုးမင်းမဲ့တိုင်းပြည်ဖြစ်နေတဲ့အပေါ်မှာ သမ္မတကြီးကို အားကိုးချင်ပါတယ်"

မနေ့က ကိုအောင်ကိုထွေးကို ဒဂုံမြို့သစ်ဆိပ်ကမ်းတရားရုံက တရားပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သလို နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ခေါင်းဥပဒေ ပုဒ်မ ၇ နဲ့ပါ ထပ်တိုးတရားစွဲဆိုထားတာဖြစ်ပါတယ်။

ကိုအောင်ကိုထွေး စွဲဆိုခံထားရတဲ့အမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတနဲ့ အခြားသက်ဆိုင်ရာဌာနတွေကို ဒီကနေ့ စာပို့ထားတယ်လို့ ပြောပါတယ်။

မနေ့ကနဲ့ ပတ်သက်ပြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူး မောင်မောင်က တရားလိုပြုလုပ် အမှုဖွင့်ခဲ့တာဖြစ်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဖြေကြားမှုမရှိဘဲ ရှောင်ထွက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ သတင်းထောက်တွေနဲ့ ကိုအောင်ကိုထွေးကို ဝန်းရံသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

ကိုအောင်ကိုထွေးအမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာသမားတွေကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးက သတင်းရယူဖို့ ကန့်သတ်မှုတွေရှိတဲ့အပြင် မေးမြန်းမှုတွေကိုလည်း ဖြေကြားခြင်းတစ်စုံတရာ မရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။