ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို စတင်ရုံးထုတ်
2017.09.01

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံရထားပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒီနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ပါတယ်။
ဒီနေ့ရုံးထုတ်မှာ တရားလို ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် ကို စစ်ဆေးဖို့ အစီစဉ်ရှိပေမယ့် တရားစွဲခံထားရတဲ့ ကိုအောင်ကိုထွေးရဲ့ ရှေ့နေဘက်က တရားစွဲဆိုတဲ့ အချက်အလက်တွေကို လေ့လာခွင့်တောင်းခဲ့တာကြောင့် မစစ်ဆေးဖြစ်ခဲ့ဘူးလို့ ကိုအောင်ကိုထွေးရဲ့ ရှေ့နေ ဦးဇော်မင်းလှိုင် ကပြောပါတယ်။
လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ ကိုအောင်ကိုထွေးကို ဒုတိယအကြိမ် တရားရုံးထုတ်ဖို့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ် တရားသူကြီးက ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ရုံးချိန်းကို တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် လာရောက်ခဲ့ပြီး သတင်းမီဒီယာသမားတွေက ကိုအောင်ကိုထွေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုလိုက်တဲ့အပေါ် မေးမြန်းပေမယ့် တစ်စုံတရာဖြေကြားတာမရှိပါဘူး။
ကိုအောင်ကိုထွေးရဲ့ အမ မနေဇာထွန်းက ကိုအောင်ကိုထွေးအနေနဲ့ နှလုံးအားနည်းနေတဲ့ အခြေအနေရှိပြီး အာမခံလျှောက်ထားဖို့ စီစဉ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုအောင်ကိုထွေးဟာ မန္တလေး အိုးဘိုထောင်ကနေ ထောင်ဒဏ် ၁၀ နှစ်နီးပါး ပြစ်ဒဏ်ကျခံရပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။
သူလွတ်မြောက်လာပြီးနောက် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် သူ့အသက် ၁၄ နှစ်ကျော်မှာ ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး တပ်အတွင်းနေထိုင်ခဲ့ရတဲ့ အခြေအနေတွေနဲ့ တပ်ကနေထွက်ပြေးစဉ်မှာ လူသတ်မှုဖြစ်ခဲ့ပြီး လူသတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် ထောင်ကျခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ထောင်တွင်းမှာ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေကို RFA သတင်းဌာနကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
RFA သတင်းဌာနအနေနဲ့ ကိုအောင်ကိုထွေးရဲ့ ဘဝဖြစ်စဉ်အကြောင်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝ ရက်နေ့က သတင်းထုတ်လွှင့်အပြီး သြဂုတ်လ ၁၈ ရက်နေ့မှာ ကိုအောင်ကိုထွေးကို တပ်မတော်က နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုပြီး ဖမ်းဆီးထားတာဖြစ်ပါတယ်။