ဗကသ ကိုအောင်မှိုင်းဆန်းမှာ အသည်းရောင် စီပိုး စွဲနေပြီ
2015.12.28

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အမျိုူးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းမှာ အသည်းရောင် စီပိုး စွဲကပ်နေပြီလို့ ဆေးစစ်ချက်အရ သိရပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာတက်ရောက်ကုသချိန်မှာ ဆေးစစ်ထားပြီး ဇနီးဖြစ်သူ မလဲ့လဲ့နွယ်က ဆေးစစ်ချက်အဖြေကို သွားရောက်ထုတ်ယူချိန်မှာ သိလိုက်ရတာလို့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားများ ဝန်းရံရေး ကော်မတီဝင် ဦးဇော်ရမ်းက မနေ့က ပြောပါတယ်။
"ကိုအောင်မှိုင်းဆန်းက စီပိုးရှိတယ်ဆိုပြီးတော့ ဓာတ်ခွဲခန်းမှာအဖြေထွက်တယ်၊ သူ့မိန်းမသွားယူတော့ ရန်ကုန်ဆေးရုံကြီး အသည်းပါရဂူ ကပြောပြတာ၊ စီပိုးထဲ မှာ ကြောက်စရာအကောင်းဆုံးပဲတဲ့၊ ဒီပိုးကအန္တရာယ်သိပ် ကြီးတယ်တဲ့"
ABFSU ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကိုအောင်မှိုင်းဆန်းဟာ လက်ပံတန်းကျောင်းသား သပိတ်မှာပါဝင်ပတ်သက်မှုနဲ့ ဒီနှစ် မတ်လမှာ ဖမ်းဆီးခံရတာပါ။ ဖမ်းဆီးခံကျောင်းသားတွေကို ရွေးကောက်ပွဲ မတိုင်ခင် ပြန်လွှတ်ပေးဖို့ အောက်တိုဘာလ ၂၃ က စပြီး အစာငတ်ခံဆန္ဒပြရာက ကျန်းမာရေး အရ နိုဝင်ဘာ ၁၁ ရက်မှာ သူ့ကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်မှာ အစာငတ်ခံဆန္ဒပြတာ ရပ်နားလိုက် ပြီးတဲ့နောက် နေပြည်တော် ကလာတဲ့ အမိန့်အရ ကိုအောင်မှိုင်းဆန်းနဲ့ ကျောင်းသား ၆ ယောက်ကို ဒီဇင်ဘာ ၁၄ ရက်မှာ သာယာဝတီထောင် ပြန့်ပို့လိုက်ပါတယ်။
ဒီမတိုင်မီ ဒီဇင်ဘာ ၄ ရက်နေ့မှာ အသည်းရောင် ဘီကာကွယ်ဆေးထိုးချိန်မှာ အထူးကုဆရာဝန်ကြီးက စီပိုးကောင်ရေ စစ်ဖို့ အကြံပေးတဲ့အတိုင်း ကိုအောင်မှိုင်းဆန်း ဆေးစစ်တာပါ။
ကိုအောင်မှိုင်းဆန်းဟာ မန္တလေးမှာ ကျောင်းသားသမဂ္ဂအရေးလှုပ်ရှားမှုနဲ့ ၁၉၈၉ က ဖမ်းဆီးခံရပြီး ထောက်ဒဏ် ၅ နှစ်ကျခံခဲ့ရဖူးပါတယ်။
၂၀၁၂ ဒီဇင်ဘာလမှာ လက်ပံတောင်းတောင် လယ်သမားအရေးပါဝင်ဆောင်ရွက်မှုနဲ့ ထောင်ဒဏ် တစ်လ ကျခံရပါသေးတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသခံယူနေရသူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ သပိတ်မှောက်ကျောင်းသားများ ဝန်းရံရေး ကော်မတီအဖွဲ့ဝင် ဦးဇော်ရမ်း ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။