၀န်ကြီးချုပ်ယာဉ်တန်းဖြတ်အပြီး မိုင်းပေါက်ကွဲမှု
2019.01.02

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု စီးနင်းလာတဲ့ ယာဉ်တန်း မနေ့က ညနေ ၄ နာရီခွဲလောက်က ရန်ကုန်-စစ်တွေကားလမ်းမပေါ်မှာ မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်တာဖြစ်နိုင်ကြောင်း မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးက RFA ကို ပြောပါတယ်။
ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ကျောက်ဖြူမြို့ကနေ စစ်တွေမြို့ကိုအပြန် ရန်ကုန်-မင်းဘူး- အမ်း- စစ်တွေ ကားလမ်းမကြီးပေါ်က မြောက်ဦးမြို့အနီး နန်းကျားနဲ့ ပေါင်းတုတ်ရွာအကြားက တံတားအမှတ် (၁/၁၀၆) ကိုဖြတ်ကျော်အပြီးမှာ မိုင်းပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရှိနေတဲ့ကာလဖြစ်တာကြောင့် မိုင်းခွဲတိုက်ခိုက်မှုဟာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်မင်းဦးက ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ရက္ခိုင့်တပ်မတော် AA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး ဝန်ကြီးချုပ်လမ်းကြောင်းကို AA အဖွဲ့က မသိနိုင်ဘူးလို့လည်း RFA ကို ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် ဝန်ကြီးချုပ် အပါအဝင် ယာဉ်တန်းမှာ လိုက်ပါလာသူတွေ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ယာဉ်တန်းပါ ကားနှစ်စီးရဲ့ မှန်တွေကွဲသွားတယ်လို့ သိရပါတယ်။
အသုံးပြုခဲ့တဲ့မိုင်းဟာ လက်လုပ်မိုင်း အဝေးထိန်းမိုင်းဖြစ်ပြီး ၃ လုံးတစ်ပြိုင်တည်း ပေါက်ကွဲတာလို့လည်း သိရပါတယ်။
ရသေ့တောင်-ဘူးသီးတောင်သွား ကားလမ်း တစ်လျှောက်က ကျေးရွာတွေမှာ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖဲ့ွကို AA က ဇန်နဝါရီလ ၁ ရက်နေ့က ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။