ဘူးသီးတောင်မှာ တပ်မဌာနချုပ်ကို AA တိုက်ခိုက်၊ ကလေး နှစ်ဦးဒဏ်ရာရ


2019.09.21
buthidaung-map-622.jpg ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြေပုံကို တွေ့ရစဉ်
Photo: Google Map

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က စကခ (၁၅) တပ်မဌာနချုပ်ကို ရက္ခိုင့်တပ်တော် AA က  ၁ဝ၇ မီလီမီတာ အမျိုးအစား ဒုံးသီးလေးလုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် တပ်ထဲက လူနေအိမ်အချို့ ပျက်စီးပြီး ကလေးနှစ်ယောက် ဒဏ်ရာရရှိခဲ့တာ မှန်ကန်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးတွေရဲ့ အခြေအနေက စိုးရိမ်စရာမရှိဘူးလို့လည်း ပြောပါတယ်။

တပ်ဌာနချုပ်ရဲ့အရှေ့ဘက်မှာရှိတဲ့ တောင်ကျောဘက်ကနေ AA အဖွဲ့က လာရောက်ပစ်ခတ်တာဖြစ်ပြီး အဲဒီတောင်ကျောဘက်ကို တပ်မတော်ဘက်က ရဟတ်ယာဉ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း"သတင်း ကျွန်တော်တို့လည်း ထုတ်ပြန်ထားတယ်ခင်ဗျ၊ အဲဒီမှာ ညနေလေးနာရီလောက်မှာ ကျွန်တော်တို့ ပစ်တာရှိပါတယ်၊ အဲမှာတော့ ကျွန်တော်တို့ ကလေးငယ်နှစ်ဦးတော့ ထိခိုက်ဒဏ်ရာ ရရှိတယ်၊ အဆောက်အဦအချို့ အနည်းငယ်ပျက်စီးပါတယ်ဗျ၊ AA ပဲရှိတာပါဗျ ဟုတ်ကဲ့၊ လေယာဉ်တွေနဲ့ ပြန်ပစ်တယ်ဆိုတာကတော့ လေယာဉ်ကတော့ တက်ပေးတာရှိပါတယ်၊ လေယာဉ်ဆိုတာ ရဟတ်ယာဉ်ပါပဲ"

ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA  တို့ လှုပ်ရှားဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်း တစ်လကြာ အပစ်ရပ်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့လုံးက စက်တင်ဘာလ ၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အပစ်ရပ်ကာလအတွင်း တပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်မှာ မဟုတ်ပေမယ့် တပ်မတော်က စစ်ဆင်ရေးလှုပ်ရှားတာ၊ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်တာ၊ လက်နက်ကြီး အမြောက်အမြား ပစ်ခတ်တာတွေလုပ်မယ်ဆိုရင် တုံ့ပြန်သွားမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၀ ရက်နေ့မှာလည်း AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က အပစ်ရပ်စဲမှုကို ဒီဇင်ဘာကုန်အထိ သက်တမ်းတိုးလိုက်ကြောင်း ထပ်မံကြေညာခဲ့တာဖြစ်ပြီး အဲ့နေ့မှာပဲ အခုလို ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ခဲ့တာပါ။

တိုက်ပွဲဖြစ်တဲ့အကြောင်း အနီးအနားကျေးရွာသားတွေက အတည်ပြုပြောတယ်လို့ ဘူးသီးတောင်မြို့နယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ကျွန်တော်တို့ကြားတာကတော့ အဲ့ဒီတောင်တန်းဘက်ကို ဒီလေယာဉ်တွေနဲ့ပစ်တယ်ဆိုပြီး အဲ့ဒီလိုပဲ ကျွန်တော်တို့သိတယ်

"ကျွန်တော်တို့သိထားတာကတော့ ဒီတပ်မကို ပစ်တယ်၊ မပစ်ဘူး ဆိုတာတော့ မသိဘူးဗျ၊ တိုက်ပွဲလို ကျွန်တော်တို့က ပစ်ခတ်သံတော့ ကျွန်တော်တို့ကြားတယ် ဆိုပြီးတော့ နီးစပ်တဲ့ကျေးရွာသားတွေက ကျွန်တော်တို့ကို ပြောပါတယ် ခင်ဗျ၊ နောက်ထပ်သတင်းတော့ ကျွန်တော်တို့ မရဘူး၊ သွားလို့လာလို့က ရမှမရတာ၊ ဒါပေမဲ့ ကျွန်တော်တို့က ဒီပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာကလူတွေက ပြောတာပါ၊ ကျွန်တော်တို့ဆီကို ဖုန်းဆက်ပါတယ်၊ အဲပတ်ဝန်းကျင်မှာ အဲဒီလူတွေက တိုက်ပွဲဖြစ်တယ်ဆိုတာကို သူတို့က အတည်ပြုပြီးပြောပါတယ်ခင်ဗျ၊ နီးတာကတော့ အင်ကြင်းမြိုင်နဲ့နီးတယ်၊ ပြင်ချေနဲ့နီးတယ်၊ နောက်ပြီးတော့ ဝါးခုတ်ချောင်းဆိုရင် အနီးဆုံးပေါ့၊ ကျွန်တော်တို့ကြားတာကတော့ အဲ့ဒီတောင်တန်းဘက်ကို ဒီလေယာဉ်တွေနဲ့ပစ်တယ်ဆိုပြီး အဲ့ဒီလိုပဲ ကျွန်တော်တို့သိတယ်"

ဘူသီးတောင်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း စကခ (၁၅) က မြို့နဲ့ အလှမ်းဝေးတဲ့အတွက် အသေးစိတ်အခြေအနေကို မသိပေမယ့် ပစ်ခတ်မှုတွေဖြစ်တယ်ဆိုတာနဲ့ တပ်မတော်က လေကြောင်းအင်အားအသုံးပြု တိုက်ခိုက်တယ်ဆိုတာ ကြားသိရတယ်လို့လည်း ပြောပါတယ်။

တပ်မရှေ့နားကို ဗုံးတစ်လုံး ကျတယ်ဆိုတာကိုတော့ သိရသလို ပစ်ခတ်သံတွေလည်း ကြားရကြောင်း ဘူးသီးတောင်မြို့ခံ ကိုသိန်းမောင်က RFA ကိုပြောပါတယ်။

"ကျွန်တော်သတင်းကြားတာက ဒီနားမှာ တပ်မမှာတော့ ဗုံးတစ်လုံးကျတယ်လို့ပြောတယ်၊ ကျွန်တော်တို့က ဒီကနေ အသံပဲကြားနေရတယ်၊ ဖြစ်စဉ်ကတော့ အတိအကျတော့ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ဗုံးကတော့ စခကရှေ့နားမှာတော့ ဗုံးတစ်လုံးကျတယ်လို့တော့ ပြောတယ်၊ အဲ့တာတော့ဟုတ်မယ်"

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ တပ်မတော်နဲ့ AA တို့ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ လူ ၈၀ ကျော်အထိရှိနေသလို ထိခိုက်ဒဏ်ရာရ သူတွေကတော့ လူပေါင်း ၁၂၀ ကျော်လောက်အထိရှိနေပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်။

ဒီနေ့မှာ RFA က တိုက်ပွဲနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ရက္ခိုင့်တပ်တော် AA က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူးခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။