ဖောင်းပြင် ရဲကင်းစခန်းနှစ်ခု တိုက်ခိုက်ခံရ၊ ရဲနှစ်ဦး အဖမ်းခံထားရ

2022.01.22
ဖောင်းပြင် ရဲကင်းစခန်းနှစ်ခု တိုက်ခိုက်ခံရ၊ ရဲနှစ်ဦး အဖမ်းခံထားရ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့မှာ သွားလာနေသူတွေကို ၂၀၂၂၊ ဇန်နဝါရီ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ထဲက ရဲကင်းစခန်း နှစ်ခုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဇန်နဝါရီ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လက်နက်တွေ နဲ့အတူ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖောင်းပြင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ယောက် က ပြောပါတယ်။

မိုင်းချောင်းရွာ ရဲကင်းစခန်းနဲ့ ရေအောက်တောင်ရွာ ရဲကင်းစခန်း နှစ်ခုကို တိုက်ခိုက်ခဲ့ တာလို့ ဖောင်းပြင်မြို့နယ် PDF ရဲ့ မြို့နယ်တာဝန်ခံ ကိုစစ်ကိုနိုင်က ပြောပါတယ်။

"မနက် အစောပိုင်း သုံးနာရီလောက်မှာ စခန်းနှစ်ခုကို တစ်ပြိုင်တည်း ဝင်တိုက်တာ။ အပြန်အလှန် ပစ်ကြတာပေါ့၊ တချို့ကတော့ ထွက်ပြေးသွားကြတယ်။ နှစ်ယောက်တော့ အရှင်ဖမ်းမိတယ်။ လက်နက်ခဲယမ်း တချို့လည်း သိမ်းဆည်းရမိတယ်။ စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ ထောက်တိုင်မှန်သမျှ လှဲချရမှာပါ"

ဖမ်းမိထားတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အဲဒီ တိုက်ခိုက်မှုမှာ PDF ဘက်က တပ်ဖွဲ့ဝင်တစ်ယောက် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိ ခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလို ဖောင်းပြင်မြို့နယ်ထဲက ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဖောင်းပြင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းနှစ်ခုရှိပြီး ရဲတပ်ဖွဲ့အနေနဲ့ မြို့မရဲစခန်း တစ်ခု၊ ရဲကင်းစခန်း လေးခုရှိရာမှာ နှစ်ခုကိုတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရုပ်သိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။