ယင်းမာပင်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

2022.02.20
ယင်းမာပင်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရန်ကုန်မြို့မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: REUTERS

စစ်ကိုင်တိုင်း၊ ယင်းမာပင်မြို့နယ်ထဲ သံချပ်ကာကားတွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မနက်က မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် လို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။

ကျေးစာကျရွာအနီးနဲ့ ဖိုလ်ဝင်တောင် လမ်းခွဲအနီး နှစ်နေရာမှာ နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။

"အခုမိုင်းတွေက ပေါက်ကွဲအားပြင်းတော့ စစ်ကောင်စီဘက်က အထိအခိုက် ရှိနိုင်တယ်။ ကားတွေဆို အခုထိ လမ်းပေါ်မှာ လဲနေတာ၊ အနားဝန်းကျင်လည်း ပစ်ခတ်တာတွေ လုပ်နေတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး၊ အဝေးကနေ မိုင်းခွဲတာဆိုတော့ ပြန်ဆုတ်လာခဲ့တယ်"

အဲဒီစစ်ကောင်စီယာဉ်တန်းဟာ မုံရွာမြို့ကနေ ထွက်လာတာဖြစ်ပြီး အဲဒီယာဉ်တန်းမှာ ကား ၁၅ စီးလောက်မှာ သံချပ်ကာကား ငါးစီး ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်း အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

သံချပ်ကာကားတွေနဲ့ အဲဒီဒေသဆီ စစ်ကြောင်းထိုးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အဲဒီယာဉ်တန်းဟာ ဘယ်မြို့ကိုသွားမယ်ဆိုတာတော့ မခန့်မှန်းနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာ-ယင်းမာပင် လမ်းဘေးတစ်လျှောက်က ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ တစ်ထောင်ကျော်လည်း ခုလိုစစ်ကြောင်းထိုးလာလို့ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။