ဆွေးနွေးပွဲကို ကချင်ပြည်နယ်၊ ချင်းပြည်နယ် ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မန္တလေးတိုင်း မကွေးတိုင်းတို့က NLD အဖွဲ့ဝင် လူငယ်တွေ တက်ရောက်ကြပြီး လူငယ် (၇၃) ဦးထဲက အသက် (၃၅) နှစ်အောက်လူငယ် အယောက်(၃၀)က ဖက်ဒရယ်အရေး လူငယ်အင်အားတိုးချ့ဲဖွဲ့စည်းရေး အကြမ်းမဖက်လှုပ်ရှားမှုကိစ္စနဲ့ ပြည်သူတွေကြားဖြစ်ပေါ်နေတဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဒီလိုဆွေးနွေးရာမှာ ဒီမိုကရေစီရရှိရေးကြိုးပမ်းမှု ကြန့်ကြာနေတဲ့ကိစ္စကို ဝေဖန်နေတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက -
"ပြည်သူတိုင်း ပြည်သူတိုင်းမှာ အတိုင်းအတာ တခုအထိတော့ တာဝန်ရှိတာဘဲ။ အဲဒီတော့ ဒီမိုကရေစီ အခွင့်အရေးကိုတော့ လိုချင်တယ်။ တာဝန်ကိုတော့ မယူချင်ဘူးဆိုရင်တော့ ဒါက မဖြစ်သင့်တဲ့ ကိစ္စဘဲ။ ကျမတို့ထဲမှာ လူငယ်တယောက် ပြောသွားတာ ကျမ သိပ်သဘောကျတယ်။ ကြောက်စိတ်ကို ဘာနဲ့ ကျော်လွှားရမလဲ။ တာဝန်သိစိတ်နဲ့ ကျော်လွှားရမယ် ဆိုတာ ဒါ အင်မတန် မှန်ပါတယ်။"
NLD အဖွဲ့ချုပ်ရုံး လူငယ် ဆွေးနွေးပွဲရဲ့ မနက်ပိုင်း အစီအစဉ်မှာတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့က လူငယ်(၂) ဦးစီနဲ့ စစ်ကိုင်းတိုင်းက (၆) ဦး မကွေးတိုင်းက (၃)ဦးတို့ ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းမှာတော့ မန္တလေးတိုင်းက(၁၁) ဦးနဲ့ မကွေးတိုင်းက (၃) ဦးတို့ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကိုတော့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ရှင်းပြပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပါတယ်။ ပြည်ထောင်စု စိတ်ဓါတ် ရှင်သန်အောင် ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ လမ်းညွှန်ချက်တွေ၊ လွတ်လပ်စွာ ဘယ်လို ဗဟုသုတရှာမလဲ၊ ပြည်သူ့ ဒီမိုကရေစီနဲ့ လူငယ်ကွန်ယက် အကြောင်း၊ ကွန်ယက်ရဲ့ သဘောတရား၊ လူငယ်အချင်းချင်း ဆက်သွယ် ဖြည့်ဆည်းပေးဖို့ လိုအပ်နေပုံတွေ၊ အထွေထွေ နိုင်ငံရေး အခြေအနေတွေ စသဖြင့် ဖြေကြား ဆွေးနွေးလမ်းညွှန်ပါတယ်။ "
မနက်ဖြန်မှာတော့ ရန်ကုန် ပဲခူး ဧရာဝတီတိုင်းတွေနဲ့ မွန်ပြည်နယ် တနင်္သာရီတိုင်းစတဲ့ အောက်မြန်မာလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။
ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်နဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မခင်ခင်အိက ကောက်နှုတ်တင်ဆက်ထားပါတယ်။
ဘယ်လို ဆွေးနွေးကြတယ်ဆိုတာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။