ပြည်သူနဲ့ထိတွေ့ဖို့ ဒေါ်အောင်ဆန်းစုကြည် မကြာခင်နယ် ခရီးစဉ်စမည်
2011.06.30

RFA
"အန်တီတို့လို နိုင်ငံရေးလုပ်နေတဲ့ သူတွေဟာ ပြည်သူလူထုနဲ့ ထိတွေ့မှုရှိနေဖို့ လိုပါတယ်။ ဒါ့ကြောင့် ရန်ကုန်မှာပဲ ထိုင်နေလို့တော့ မဖြစ်ပါဘူး။ ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စကိုတော့ လုပ်ရမှာပါ။ သတိလက်လွတ် လုပ်ဆောင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ သိပ်ပြီး မစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အစိုးရက သတိပေး အကြောင်းကြားနေတဲ့ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
သောကြာနေ့ ညတိုင်း အာဖက်အေ ကထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် သောတရှင် တဦးက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံ မြို့ကြီး အချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်ပြီး မေးမြန်းခဲ့တာကို အခုလို ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုရက်ပိုင်း အတွင်း ကချင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်လို့ ဒေသခံတွေ ခံစားနေရတဲ့ ဒုက္ခနဲ့ အစိုးရ စစ်တပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အပေါ် သောတရှင် တဦးရဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားရာမှာ ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းစေလိုကြောင်း တိုက်တွန်းလိုက်ပါတယ်။
"ကချင်ပြည်နယ်မှာ စစ်မီးတွေ ပြန်တောက်နေတာဟာ အန်တီတို့ နိုင်ငံအတွက် အင်မတန်မှ ရင်လေးစရာ ကိစ္စတခု ဖြစ်တာမို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ တိုင်းရင်းသား အားလုံးအကြား သွေးစည်း ညီညွတ်မှု ရှိဖို့၊ အန်တီကော အန်အဲလ်ဒီပါ တတ်နိုင်သရွေ့ တိုက်တွန်း ပါတယ်။ ပြည်သူ အများစုကလည်း ငြိမ်းချမ်းရေး တန်ဖိုးကို သိနားလည်နိုင်ဖို့ ကြိုးစား ဆောင်ရွက်ပါ။ စုံစမ်းရေး ကော်မရှင်တခု ဖြစ်လာဖို့ ဆိုတာကတော့ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ကို တိုက်တွန်း တောင်းဆိုရမယ့် ကိစ္စ ဖြစ်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေ အပြည့်အစုံကို မနက်ဖြန် သောကြာနေ့ည ထုတ်လွှင့်မယ့် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ စောင့်မျှော် နားဆင်နိုင်ပါတယ်။