မြန်မာပြည်သူတွေ အရေး ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာပြည်သူတွေရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာရေး အတွက် သမ္မတ ဦးသိန်းစိန်နဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

2011.08.25
assk-birthday-exile-305.jpg မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၂ နှစ်မြောက် မွေးနေ့ကို ပြည်ပရောက် မြန်မာ တိုင်းရင်းသား ကလေးငယ်များ ကျင်းပနေစဉ်။
RFA

"အခုအချိန်မှာ တတ်နိုင်တဲ့ဘက်ကနေ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် အကျိုးအတွက် ကြိုးပန်းချက်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကျမနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်အရ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ပြည်သူအများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရေး အတွက် ဦးတည်မှာပါ။"

RFA က အပတ်စဉ် သောကြာ ညတိုင်း တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် သောတရှင် တဦးရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှုကနေ ရှေ့ဆက် လုပ်ဆောင်ရာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းရင်းသားတွေကို ချန်လှပ်ထားခဲ့မှာလားလို့ တိုင်းရင်းသား တဦးက မေးမြန်းခဲ့တာကိုတော့-

"နိုင်ငံ အကျိုးအတွက် ဘာဘဲလုပ်လုပ် တိုင်းရင်းသားတွေကို ချန်ခဲ့ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အမျိုးသား ရင်ကြားစေ့ရေးဟာ အမေတို့ရဲ့ ဦးတည်ချက် အဖြစ် ရှိနေတာ အနှစ် ၂၀ ကျော်လာပါပြီ။ ပြောင်းလဲစရာ အကြောင်းလည်း မရှိပါဘူး။ စပြီး နားလည်မှုယူဖို့ ကြိုးစားနေတဲ့ အချိန်မှာ အဆင်မပြေစေမည့် ကိစ္စတွေကို ရှောင်ရှားပြီး အပြန်အလှန် လေးစား သည်းခံစိတ်တွေ မွေးရမှာပါ။ တိုင်းရင်းသားတွေနဲ့ အဆင်ပြေရေးကို ဦးတည်ပြီး အမြဲပြောဆို လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။"

တခြား မေးခွန်းတခုကို ဖြေကြားရာမှာလည်း လက်ရှိ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် မုချ အထောက်အကူ ပြုမယ်လို့ မိမိ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဒီအတောအတွင်းမှာဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာပေါ်မှာ သြဇာ အကြီးဆုံး အမျိုးသမီး တဦး အဖြစ် ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်းကြီး တစောင်ဖြစ်တဲ့ Forbes မဂ္ဂဇင်းရဲ့ အခုလထုတ်မှာ ရေးသား ဖော်ပြလိုက်ပါတယ်။

မဂ္ဂဇင်းရဲ့ နှစ်စဉ် စစ်တမ်းကောက် ထုတ်ပြန်တဲ့ သြဇာ အကြီးမားဆုံး ကမ္ဘာ့ အမျိုးသမီး ၁၀၀ စာရင်းမှာ ၂၆ ဦးမြောက် သြဇာ အကြီးဆုံး အမျိုးသမီးကြီး တဦး အဖြစ် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ရေးသား ဖော်ပြချက်မှာ ၂၀၁၁ ခုနှစ်ဟာ လူ့အခွင့်ရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည် အတွက် ခမ်းနား ကြီးကျယ်တဲ့ နှစ်တနှစ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး အရပ်သား အစိုးရ အဖွဲ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့တာဟာ ထူးခြားတဲ့ ဖြစ်စဉ်တခု ဖြစ်ကြောင်း၊ ၁၉၈၈ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြပွဲတွေ ကနေ အကြမ်းမဖက်တဲ့ နည်းနဲ့ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားခဲ့ပြီး ၂၁ နှစ် အတွင်း နေအိမ် အကျယ်ချုပ်နဲ့ ၁၅ နှစ် နေထိုင်ခဲ့ရကြောင်း၊ ၁၉၉၁ မှာ နိုဘဲလ် ငြိမ်းချမ်းရေးဆ ုရရှိခဲ့ကြောင်း ဖော်ပြထား ပါတယ်။

Forbes မဂ္ဂဇင်းကြီးရဲ့ သြဇာ အကြီးမားဆုံး ကမ္ဘာ့ အမျိုးသမီး ၁၀၀ စာရင်းမှာ ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်က နံပတ် ၁၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က နံပတ် ၂ နဲ့ ထိပ်တန်းမှာရှိပြီး အိန္ဒိယ ကွန်ဂရက်ပါတီက ဆိုနီယာ ဂန္ဒီ၊ ထိုင်ဝမ်က လုပ်ငန်းရှင် ချားဝေါင်း၊ သြစတေလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်၊ တရုတ်နိုင်ငံက ချန်လီဝါး တို့လည်း ထိပ်တန်းမှာ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။