မြန်မာနိုင်ငံသားများ အရေး ထိုင်းအာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေခင်းက ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong နဲ့ ထိုင်းအစိုးရ အိမ်တော်မှာ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

2012.05.31
assk-dpm-b305 ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong တို့ ထိုင်းအစိုးရ အိမ်တော်တွင် တွေ့ဆုံ ဆွေးနွေးနေစဉ်။
RFA

အဲဒီလို တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေ အရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ်က မြန်မာ အလုပ်သမားတွေ အနေနဲ့ တရားဝင် စာရွက်စာတမ်း ရှိမယ်ဆိုရင် ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ တနေ့ကို ဘတ်ငွေ ၃၀၀ ရရှိမှာ ဖြစ်ပြီး ထိုင်းအလုပ်သမားတွေ အတွက် ဆောင်ရွက်ပေးနေတဲ့ ဘတ် ၃၀ ကျန်းမာရေး အစီအစဉ်ကိုပါ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောရာမှာ-ထိုင်းနိုင်ငံ အနေနဲ့ ဒုက္ခသည်တွေကို နေရပ် အတင်းအကြပ် ပြန်ပို့တဲ့ မူဝါဒ မရှိတဲ့ အကြောင်း၊ မြန်မာနိုင်ငံအတွင်း အန္တရာယ် မရှိတော့ဘူးဆိုရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံက တည်ခင်းမယ့် ညစာစားပွဲမှာ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် နဲ့ တွေ့ဆုံဖို့ ရှိပြီး မနက်ဖြန်မှာ ထိုင်း-မြန်မာ နယ်စပ်က မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းကလည်း မြန်မာအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတဲ့ ရုံးကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီမှာ အလုပ်သမား ၂၀၀၀ ကျော်ကို စကားပြောဆိုခဲ့ပါသေးတယ်။

ဒီအကြောင်းသတင်းသွားယူတဲ့ RFA သတင်းထောက် ကိုအောင်မြတ်စိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။