ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ

အင်န်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့ တာဝန်ရှိပုဂ္ဂိုလ် ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီ တခြားခေါင်းဆောင်တွေနဲ့အတူ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်ကို လေကြောင်းခရီးနဲ့ ရောက်ခဲ့ကြပါတယ်။

2011.12.23
nld-election-committee-305 ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပါတီမှတ်ပုံတင်ရန် သွားရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တို့ တွေ့ဆုံစဉ်။
AFP

ပါတီမှတ်ပုံတင် လျှောက်ထားတာကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ဒီကနေ့ လက်ခံလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့အဖွဲ့က အားနည်းချက် တွေကို တတ်နိုင်သမျှ ပြုပြင်ပြီး လာမယ့်ရွေးကောက်ပွဲကို ပိုပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုကြောင်း အင်န်အယ်လ်ဒီ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။

“တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ကိုင်သွားဖို့ဟာ သူတို့ရဲ့ တာဝန်ပါ... ပေါ့။ ဝင်ပြိုင်မယ့် ပါတီတွေကလည်း သူတို့နဲ့ပူးပေါင်းပြီး တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ပြောတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်မဲကိစ္စနဲ့ ပတ်သက်လို့ ရှေ့ဆက် ဘယ်လို ဆောင်ရွက်ထားပါသလဲ ဆိုတဲ့အပေါ် ဖြေတာကတော့… သူတို့ စည်းကမ်းတွေ ထုတ်ပြန်ထားတာတွေမှာ လုပ်ပါတယ် ဆိုတဲ့အကြောင်း ကို သူက အသေးစိတ် ရှင်းပြတာကို ကျနော်တို့ နားထောင်လိုက် ပါတယ်။ သို့သော် ဥက္ကဋ္ဌ ဦးတင်အေး ပြောတာကတော့ အဲဒီ ဆောင်ရွက်ခဲ့ဲတဲ့ အချက်တွေထဲမှာ အားနည်းချက်၊ ချို့ယွင်းချက်တွေ အားလုံးကို ကျနော်တို့က တတ်နိုင်သမျှ ကြိုးစားပြုပြင်ပြီးတော့ ပိုမို တရားမျှတမှု ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်”

အခုလို အင်န်အယ်လ်ဒီပါတီ ပါတီမှတ်ပုံတင်ကိစ္စ ဆောင်ရွက်အပြီးမှာ တော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ရော၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ပါ သီးသန့် တွေ့ဆုံ ဆွးနွေးကြောင်းသိရပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ အင်န်အယ်လ်ဒီ ပါတီက ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီး ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးတို့နဲ့ နေ့လယ်စာ သုံးဆောင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြောဆိုရတာကို ဝမ်းမြောက်ကြောင်းနဲ့ ပူပေါင်းဆောင်ရွက်ခြင်း ဟာ တိုင်းပြည်အတွက် အင်အားဖြစ်စေကြောင်း AFP သတင်းဌာနကို ပြောပါတယ်။

ပါတီမှတ်ပုံတင်ကြေးအဖြစ် ကျပ်ငွေ ၃ သိန်းပေးသွင်းခဲ့ရပြီး ပါတီမှတ်ပုံတင်ကျဖို့ နောက်ထပ် အနည်းဆုံး သုံးပတ်လောက် စောင့်ဆိုင်းရမှာဖြစ်ကြောင်း အင်န်အယ်လ်ဒီ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။