ဥပဒေစိုးမိုးရေးအခြေခံပြီး ပြဿနာတွေကို ထိန်းသိမ်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2012.06.06

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့မနက် ကျင်းပပြုလုပ်တဲ့ ပြည်ပခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။
" ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုလို့ရှိရင် ပထမဦးဆုံး ပြဿနာတစ်ခုဖြစ်ပြီ၊ အရေးအခင်းတစ်ခုဖြစ်ပြီ၊ ရာဇဝတ်မှုတစ်ခုဖြစ်ပြီ ဆိုကတည်းက ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်ပြီဆိုလို့ရှိရင် ဒီပြဿနာတွေဟာ ကြီးထွားသွားစရာ မရှိဘူး။ အဲတော့ ပြဿနာတစ်ခု မရှင်းလိုက်တာနဲ့ နောက်တစ်ခု ကြီးကြီးကျယ်ကျယ် ပေါ်လာတယ်။ ဒါဟာ ဥပဒေပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေက ရှင်းလင်းရမဲ့ ပြဿနာ"
နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ ဒီနိုင်ငံက ပြည်သူလူထုတွေရဲ့ လုံခြုံမှုနဲ့ စိတ်ချမ်းသာမှုအပေါ်မှာ မူတည်နေကြောင်း၊ လူမျိုးမရွေး နိုင်ငံမရွေး လုံခြုံမှုရှိတဲ့ နိုင်ငံတစ်ခု ဖြစ်စေချင်ကြောင်း၊ ပြည်သူတွေအနေနဲ့လည်း ဒီဖြစ်ရပ်တွေအပေါ် ဒေါသကိုအခြေခံပြီး မဆောင်ရွက်ကြဖို့ ဥပဒေစိုးမိုးရေးကို အခြေခံပြီး ပြဿနာရပ်တွေကို ထိန်းသိမ်း ဆောင်ရွက်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
မကြာခင်က သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အားရကျေနပ်ကြောင်း၊ ကြိုဆိုမှုတွေကလည်း နွေးထွေးမှု ရှိပါကြောင်း၊ သူ့အနေနဲ့လည်း မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း မယ်လဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ရှင်းလင်းပြောပြခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ဒေါ်ခင်ခင်အိ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |